ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူချောင်းကျေးရွာနှင့် အခြားကျေးရွာများတွင် အသက် ၁၈နှစ်မှ ၃၅နှစ် အတွင်းရှိသည့် အမျိုးသမီးများနှင့် အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ယူနေကြောင်း ဒေသခံများထံက သိရသည်။

တူချောင်းကျေးရွာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးနှင့်အတူ ဆယ်အိမ်မှူးအဖွဲ့၊ လူမိုက်များသည် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ အိမ်ထောင်သည်များ နှင့် ကလေးအမေများပါမကျန် ပြည်သူ့စစ်မှုထမ်းဆောင်ရမည်ဟု ပြော ဆိုခြိမ်းခြောက်ကာ စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“လက်သပ်မွေးထားတဲ့ လူမိုက်​တွေနဲ့ စာရင်းကောက်တယ်၊ ဧည့်စာရင်းမကြာမကြာစစ်တယ်။ စစ်သားကနှစ်ယောက်လောက်ပဲပါတယ်။ ဧည့်စာရင်းစစ်တဲ့အပြင် စစ်မှုထမ်းစာရင်းလာကောက်ရင်လည်း အိမ်ရှင်ကို တစ်ခါနှစ်ခါခေါ်လို့ မထူးရင် မိုက်မိုက်ရိုင်းရိုင်း ဆဲရေးတိုင်းတွာတွေပါလုပ်တယ်”ဟု တူးချောင်းကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး လူမိုက်အဖွဲ့သည် နိုင်ငံရပ်ခြားနှင့် အခြားနေရာများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများကိုပါ နေရပ်ပြန်လာ၍ ပြည်သူ့စစ်မှုထမ်းဆောင် ရမည်ဟုပြောဆိုကာ စာရင်းကောက်ယူသွားကြောင်း ဒေသခံများဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးသည် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး ၎င်းအုပ်ချုပ်ရေးမှူးဖြစ်လာပါက စစ်မှုထမ်းရန်အများအပြား လူရှာပေးမည်ဟု ကြွေးကြော်ခဲ့သူဖြစ်ပြီး ယခုအခါ ၎င်းအုပ်ချုပ်ရေးမှူး ဖြစ်လာသည့်အတွက် ဒေသခံများမှာ စိုးရိမ်နေကြရကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးသည် ကျင်စက်၊ လက်ထိပ်စသည်တို့ကိုထုတ်ပြ ခြိမ်း ခြောက်၍ စစ်မှုထမ်းစာရင်းများကောက်ယူနေသည့်အပြင် စစ်မှုထမ်းများကို ထောက်ပံ့ရမည်ဟုအကြောင်းပြကာ တစ်အိမ်လျင် ၅၀၀၀ ကျပ်နှုန်း လစဥ် ကောက်ယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စသ်ကောင်စီသည် အမျိုးသမီး စစ်မှု ထမ်းသင်တန်း အမှတ်စဉ် (၁) အတွက် အမျိုးသမီးများကို ခေါ်ယူရန် ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်အပြင် သာကေတမြို့နယ်၊ သန်လျင်မြို့နယ်တို့တွင်လည်း စာရင်းများစတင်ကောက်ယူခဲ့ပြီး ဧရာဝတီတိုင်းတွင်လည်း ယခုရက် ပိုင်းအတွင်း အမျိုးသမီး စာရင်းများ ကောက်ယူနေကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦး
#ထန်းတပင် #အသက်၁၈နှစ် #၃၅နှစ် #အမျိုးသမီး #စစ်မှုထမ်းရန် #အုပ်ချုပ်ရေးမှူး #လူမိုက်များကခြိမ်းခြောက် #စာရင်းကောက် #Ayeyarwaddy_Times