
ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဖေဖော်ဝါရီ ၄ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်း ထောင်ကို တိုင်းအတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုများကြောင့် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်နေကြောင်း ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဇန်နဝါရီလ ပထမ အပါတ်ဝန်းကျင်မှ စတင်ကာ ထောင်ဝင်စာပါဆယ်များနှင့် ဆေးဝါးများကို ကန့်သတ်မှုများ စတင် လုပ်ဆောင်ခဲ့ပြီး ထောင်တွင်း နှင့် ထောင်ပတ်၀န်းကျင်တွင်လည်း စစ်တပ်မှ လုံခြုံရေးယူကာ တင်းကျပ်နေကြောင်း သိရသည်။
“စစ်တွေထောင်တွေ ဘက်က ပြောင်းရွေ့လာတဲ့ လူတွေကလည်း ပုသိမ်အကျဉ်းထောင်မှာ ထားခံထားရတယ်။ အဲ့တော့ ထောင်ထဲမှာ အစားသောက်မလုံလောက်မှုပြသနာတွေဖြစ်နေတယ်။ လုံလုံလောက်လောက်စားလို့ရတဲ့ အခြေနေမရှိနေတဲ့အခါမျိုးမှာ အခုလိုမျိုး ပါဆယ်ကန့်သတ်မှုတွေကြောင့် အကျဉ်းသားတွေ ပိုပြီးဒုက္ခရောက်နေတဲ့ အခြေအနေတွေကိုတော့ ရင်ဆိုင်နေရပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပုသိမ်ထောင်အတွင်း စာအုပ်ပေးပို့ခြင်းများကိုလည်း အပြီးတိုင်ပိတ်သိမ်းခဲ့ပြီး ဟင်းပေးပို့ရာတွင်လည်း သုံး မျိုးသာလက်ခံပြီး ကော်ဖီထုပ်များကိုလည်း ခုနစ်ထုပ်သာပို့ခွင့် ပြုထားသည့်အတွက် အကျဉ်းသားများမှာ ထောင်ဈေးဘားတွင် ဈေးကြီးပေး၍ ဝယ်စားနေရကြောင်းလည်း သိရသည်။
ပုသိမ် အကျဉ်းထောင်တွင် စစ်ကောင်စီက ယခုကဲ့သို့ တင်းကျပ်မှုများလုပ်ဆောင်လာသည့်အတွက် အကျဉ်းသားများအနေဖြင့် နေရာအခက်အခဲ၊ စားသောက်ရေး အခက်အခဲများ ကြုံတွေ့ နေရပြီး ရေမသန့်ရှင်းမှုများကြောင့်လည်း သက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသားများမှာ လမ်းမလျှောက်နိုင်သည့် ပြဿနာများကြုံတွေ့နေရကြောင်း သိရသည်။
ယခုအခါ တိုက်ပွဲများမှာ ဧရာဝတီတိုင်းနယ်စပ် ဒေသများသို့ပါ ကူးစက်လာသည့် အတွက် စစ်ကောင်စီက ပုသိမ်မြို့တွင်းတွင်ပါ စစ်ရေးပြင်ဆင်မှုများ နှင့် လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#ပုသိမ် #စစ်ကောင်စီ #ပုသိမ်ထောင် #လုံခြုံရေးတင်းကျပ် #Ayeyarwaddy_Times