နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည့် အာဆီယဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သစ်အနေဖြင့် ပြည်တွင်းရေး ပြဿနာများ၏ အခြေအမြစ်ဖြစ်သည့် စစ်ကောင်စီကို ဖိအားပေး၊ ထိထိရောက်ရောက် အရေးယူရန် လိုအပ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တိုက်တွန်းကြောင်း NUG သမ္မတရုံး ထံက သိရသည်။

မလေးရှားနိုင်ငံက ခန့်အပ်လိုက်သည့် ယခု ၂၀၂၅ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် အော့်သမန်ဟာရှင် (Othman Hashim)သည် ယခုရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း နိုင်ငံံတကာ သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

“အဓိကကတော့ စစ်ကောင်စီက အဖြေမဟုတ်ဘူး။ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရပ်ဖို့အတွက် အာဆီယံအနေနဲ့ ဖိအားပေးဖို့ လိုတယ်။ ဒီပြဿနာရဲ့ အခြေအမြစ်က အကြမ်းဖက် စစ်ကောင်စီဖြစ်တယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဧရာဝတီတိုင်းမ် ကို ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်း လွှတ်ရန်၊ အကြမ်း ဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်၍ စစ်မှုထမ်းရန် အတင်းအဓမ္မ သွပ်သွင်းနေမှုများ ရပ်တန့်ရန် အာဆီယံ အထူးကိုယ်စား လှယ်အနေဖြင့် ဦးစားပေး၍ ဖိအားပေး လုပ်ရန်လိုကြောင်း NUG က တိုက်တွန်းထားသည်ဟု ဦးကျော်ဇော်က ဆိုသည်။

အဆိုပါအာဆီယံ အထူးကိုယ်စားလှယ်သစ်သည် လာမည့် ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ သုံးရက်တာ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်၍ စစ်ခေါင်းဆောင်အပါအဝင် အခြားသက်ဆိုင် သူများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး NUG နှင့် တွေ့ မတွေ့ကိုမူ နှစ်ဖက်စလုံးမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ဝါရင့်သံတမန် တစ်ဦးဖြစ်သော အော့်သမန်ဟာရှင် (Othman Hashim)ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အာဆီယံ အထူးသံအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အတွေ့အကြုံများစွာ ရှိသူလည်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တနေ့တခြား မြန်မာနိုင်ငံတွင် ပိုမိုကြီးထွားလာသော ကျားဖြန့်လုပ်ငန်းများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းလောင်းကစားများကို ရပ်တန့်စေရေး အတွက်လည်း အာဆီယံအနေဖြင့် ဖိအားပေး၍ ဆောင်ရွက်ရန် လိုအပ်နေကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆိုထားသည်။

“အဲဒါတွေအပြင် အကြမ်းဖက် စစ်ကောင်စီဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း နားမထောင်၊ မလိုက်နာတာ လေးနှစ်ကျော်လာပြီ။ အခုချိန်မှာ ထိထိရောက်ရောက် အရေးယူဖို့အတွက် လိုအပ်နေတယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု ၎င်းက ဆက်လက်ထောက်ပြသည်။

ယင်း ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့က ၎င်းတို့သက်တမ်းများအတွင်း အကောင်အထည် မဖော်နိုင်သည့်အတွက် လက်ရှိအလှည့်ကျ ဥက္ကဋ္ဌသစ် မလေးရှားက ဆက်လက် ကိုင်တွယ်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နှစ်အလိုက်ဖြစ်လာသော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌများသည် မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ ခန့်အပ်၍ စေလွှတ်ခဲ့ရာ၌ စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကောင်စီ၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများကိုသာ တရားဝင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုပုဂ္ဂိုလ်များအနက်မှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တချို့သည် တစ်ဖက်အင်အားစုများ ဖြစ်ကြသော အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs) အပါအဝင် သက်ဆိုင်သူများနှင့် တွေ့ဆုံမှုရှိကြောင်း သိရသော်လည်း တရားဝင် ထုတ်ပြန် ပြောဆိုထားခြင်း မရှိပေ။

ပုံစာ-မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အော့်သမန်ဟာရှင်

#မြန်မာ #အာဆီယံအထူးသံ #စစ်ကောင်စီ #ဖိအားပေးအရေး #NUGတိုက်တွန်း #Ayeyarwaddy_Time