 
                ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဂုတ်စီးရိုးစခန်းကျပြီးနောက် ထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့များ တုံးကြီးစခန်းတွင် ပိတ်မိနေကြောင်း သိရသည်။
အင်အား ၁၃၀၀ခန့်ဖြင့် ခံစစ်ပြင်ထားသည့် ဂုတ်စီးရိုးစခန်းမှာ အင်အား ၆၀၀ ခန့်ပြုန်းတီးသွားပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက နတ်ရေကန်ဗျူဟာနှင့် တုံးကြီးတွင် အင်အားဖြည့် ခံစစ်ပြင်ထားပြီး တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများဖြင့် လက်နက်ကြီးများပါတပ်ဆင်၍ ခုခံနေကြကြောင်း သိရသည်။
“တုံးကြီးထဲပိတ်မိနေသူတွေအချို့လက်နက်ချကြတယ်။ ပြန်ပစ်နေတဲ့အဖွဲ့လည်းရှိတော့ တိုက်ပွဲက ဆက်ဖြစ်နေပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်မ ၉၉လက်အောက်ခံ ၉၉၁၊ ၉၉၂၊ ၉၉၃တို့နှင့်ဖွဲ့စည်းထားသည့် တပ်ရင်း ၁၀ ခုအနက် တပ်ရင်း ခြောက်ခုနှင့်ဖွဲ့စည်းထားသည့် ဂုတ်စီးရိုးကျပြီးနောက် တုံးကြီးစခန်းသို့နောက်ပြန်ဆုတ်လာသည့် တပ်ဖွဲ့ဝင်အများစုမှာ AA ထံလက်နက်ချခဲ့ကြပြီး ဗျူဟာမှူးပါ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်နေ့က ဂုတ်စီးရိုးစခန်းအပါအဝင် နတ်ရေကန်၊ တုံးကြီး စသည့် စစ်ကောင်စီစခန်းများကို ထိုးစစ်အရှိန်မြှင့်တင်ပြီးတိုက်ခိုက်ခဲ့ပြီး တုံးကြီးဘက်သို့ စစ်ကောင်စီ၏ နတ်ရေကန် ဗျူဟာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။
စစ်ကောင်စီသည် ဂုတ်စီးရိုးစခန်းကို ဒီဇင်ဘာ ၆ရက်နေ့မှ ဇန်နဝါရီ ၂၉ရက်နေ့အထိ စစ်ကား ၂၈ စီးအပြည့်ဖြင့် စစ်အင်အားဖြည့်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ခန့် သေဆုံးကြောင်း The Irrawaddy – Burmese သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
#မကွေး #ငဖဲ #တုံးကြီးဂိတ် #စစ်ကောင်စီ #ပိတ်မိ #လက်နက်ချ #ဗျူဟာမှူးအဆက်အသွယ်ပြတ် #Ayeyarwaddy_Times
 
                                             
                                             
                                            