ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

စစ်ရှောင်များအတွက် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ပိုင်ဖြိုးသု၏ အကယ်ဒမီဆုဖြင့် ရန်ပုံငွေရှာရာတွင် ငွေကြေးပမာဏသတ်မှတ်ချက်မရှိဘဲ ပါဝင်နိုင်ပြီး ကံစမ်းမဲလက်မှတ် ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိစစ်ဘေး ရှောင်များအပါအဝင်အခြားလိုအပ်သာနေရာများတွင် လှူဒါန်းနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်နေ့အတွင်း ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုပိုင်ဆိုင်သော ‘အကယ်ဒမီ’ ဆုအရုပ်အပါအဝင် ရွှေဆွဲကြိုး၊ ရွှေနားကပ်တို့ဖြင့် ကမ်ပိန်းပြုလုပ်ကာ ရန်ပုံငွေရှာခြင်းဖြစ်သည်။

“ပြည်သူကအားပေးလို့ အကယ်ဒမီ ပိုင်ဖြိုးသုဆိုတဲ့ဘဝကိုရရှိခွင့်ရခဲ့တဲ့ သုသုအနေနဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဆင်းရဲဒုက္ခမျိုးစုံနဲ့ စစ်ဘေးရှောင်နရတဲ့ ကိုယ့်ပြည်သူတွေအတွက် သုသုတန်ဖိုးထားရတဲ့ ဒီအရုပ်‌လေးကို အသုံးပြုပြီးပြန်ကူညီပေးချင်ပါတယ်” ဟု သူမ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပိုင်ဖြိုးသုကရေးသားထားသည်။

အဆိုပါ ‘အကယ်ဒမီရုပ်’ ကမ်ပိန်းတွင် ပထမဆု ရွှေတစ်ကျပ်သားပါသော ရွှေစင်အကယ်ဒမီရုပ်၊ ဒုတိယဆု ပိုင်ဖြိုးသုလက်မှတ်ပါ ရွှေဆွဲကြိုး တစ်ကုံး၊ တတိယဆု တွယ်ချိတ်နားကပ်နှင့် ပုံစံတူ ရွှေနားကပ်သုံးရံတို့ကို ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုကိုယ်တိုင် ကံစမ်းမဲနှိုက် ရွေးချယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ပိုင်ဖြိုးသုသည် ၂၀၁၇ ခုနှစ်တွင် အကောင်းဆုံးမင်းသမီးဇာတ်ပို့ဆုကို သူရဲမ၊ ဘီလူးမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ပွဲကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ MICC ခန်းမတွင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးကလည်း သတင်းမီဒီယာများအနေဖြင့် အဆိုးမြင်သတင်းများ မရေးသားရန် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပိုင်ဖြိုးသု Facebook
#ရုပ်ရှင်သရုပ်ဆောင် #ပိုင်ဖြိုးသု #အကယ်ဒမီရုပ် #campaign #ဆုသုံးမျိုး #Ayeyarwaddy_Times