
စစ်ကောင်စီ စစ်ကြောင်းအချို့ မိုးဗြဲမြို့အတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေပြီး တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက် ထိန်းချုပ်ထား
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဖေဖော်ဝါရီ ၃ ရက်
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီတစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် တပ်သား ၃၀ ဦးကျော် သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ၁၀ ဦးလက်နက်ချ အလင်းဝင်ခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဇန်နဝါရီ တစ်လတာအတွင်း လွိုင်ကော်မြို့၊ ဘောလခဲ၊ ဖားဆောင်း မြို့နယ်များအပြင် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲ၊ ဆီဆိုင် စသည့်မြို့နယ်များတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
“လတ်တလော ကရင်နီဒေသမှာကတော့ မိုးဗြဲမှာ တိုက်ပွဲ ပြင်းထန်တယ်။ မိုးဗြဲကို ပြန်လည် ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဒီရက်ပိုင်းအထိ အသုံးပြုခဲ့တာမျိုးရှိတယ်။ နောက်ပြီးတော့ ဗုံးကြဲ တိုက်ခိုက်တာမျိုးတွေ၊ ဒရုန်းနဲ့သုံးပြီး ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တာ ကျွန်တော်တို့တွေ့ရပါတယ်” ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေပြီး မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းမှ စစ်ကောင်စီစစ်ကြောင်းအချို့မှာ မြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုများကို အလွန်အကျွံအသုံးပြုလုပ်နေပြီး နေ့စဉ် နှစ်ဖက်ထိတွေ့မှုများ ဖြစ်ပွားနေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုးဗြဲမြို့ကို ဆက်လက် ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
“စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ စစစ်ကောင်စီ တပ်ထဲ သွပ်သွင်း ခံရတဲ့သူတွေ ရှေ့တန်း စစ်မြေပြင်တွေကနေ KNDF ထံ ခိုလှုံတာတွေ ရှိခဲ့တယ်” ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဆက်လက်ပြောသည်။
စစ်ကောင်စီဖက်မှ လက်နက်ချအလင်းဝင်ရောက်လာသူများထဲတွင် ဒု-အရာခံဗိုလ် တစ် ဦး၊ တပ်သား ကိုး ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ဆယ် ဦး ရှိပြီး သေနတ် ခုနစ် လက် ပါဝင်ကြောင်းလည်း သိရသည်။
KNDF တပ်ဖွဲ့၏ တစ်လတာ စစ်ဆင်ရေးများအတွင်း KNDF ရဲဘော် ခြောက် ဦးကျဆုံးကာ စစ်ကောင်စီ ၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ကြောင့် အရပ်သား ခုနစ် ဦးသေဆုံးကာ စာသင်ကျောင်း နှစ်ကျောင်း၊ ဘာသာရေး အဆောက်အအုံ ငါး လုံး နှင့် နေအိမ် ၃၈ လုံး ပျက်စီးခဲ့ရကြောင်း KNDF က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNDF
#ကရင်နီ #KNDF #ဇန်နဝါရီ #ဇန်နဝါရီလ #စစ်ကောင်စီတိုက်ပွဲ #၃၀သေဆုံး #မိုးဗြဲမြို့ #Ayeyarwaddy_Times