
သေဆုံးသူများတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၆ ဦးအထိ ပါရှိခဲ့ပြီး အမျိုးသမီး ၂၆ ဦးပါဝင်
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဖေဖော်ဝါရီ ၃ ရက်
ကရင်နီဒေသတွင် စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားကာ အကြမ်းဖက် တိုက်ခိုက်မှု များကို ယခင်နှစ်များထက် ပိုမိုလုပ်ဆောင်လာပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး အချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၁၀၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအနက် လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ကာ တစ်နှစ် အတွင်း ၁၀၆ ဦး နှင့် အထက် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများအနက် အသက်မပြည့်သေးသည့် ကလေးငယ် ၃၆ ဦးအထိ ပါရှိခဲ့ပြီး အမျိုးသမီး ၂၆ ဦးအထိပါဝင်ကာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၄၅၀ ဦး နှင့်အထက် ရှိခဲ့ကြောင်းလည်း သိရသည်။
“ဒီ ၂၀၂၄ ကတော့ ၂၀၂၃ နဲ့ စာရင်တော့ လူဦးရေသေဆုံးမှုက နဲနဲတော့ နည်းလာတယ်လို့ပြောလို့ရတယ်။ သို့ပေမယ့် လေယာဉ်နဲ့တိုက်ခိုက်မှုက အကြိမ် ပိုတိုးလာတယ်၊ ထိခိုက်မှုက လေယာဉ်နဲ့ဆို ပိုတိုးလာတာ တွေ့ရတယ်။ ၂၀၂၄ မှာ သေဆုံးသွားတဲ့လူထုတွေ သို့မဟုတ် စစ်ကောင်စီကနေ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုပဲပြောပြော ရာဇ၀တ်မှုက ပိုပြီး ထင်ရှားလာတယ် ပြောလို့ရတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းနှင့်တိုက်ခိုက်မှုများကိုလည်း ပိုမို လုပ်ဆောင်လာခဲ့ပြီး တိုက်ပွဲဒေသများ၊ စစ်ကောင်စီစစ်ကြောင်းနှင့် ဆုံတွေ့သည့် ဖြစ်စဉ်များတွင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ထင်ရှားသည့် ဖြစ်စဉ်တစ်ခုမှာ ရှားတောမြို့နယ်တွင် စစ်ကောင်စီ ခမရ-၂၄၉ တပ်ရင်းမှ တပ်ဖွဲ့ဝင်များမှာ စစ်ကူလာစဉ် ဒေသခံ ခုနစ် ဦးမှာ လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် သတ်ဖြတ်ခြင်း ခံခဲ့ရကာ ၎င်းတို့ထဲတွင် ကိုယ်ဝန် ဆောင်အမျိုးသမီး၊ မသန်စွမ်းအမျိုးသမီး နှစ်ဦး၊ ကလေးငယ် သုံး ဦး နှင့် အမျိုးသားတစ်ဦး တို့ပါဝင်ခဲ့ကြောင်း သိရသည်။
“နောက်ပြီးတော့ ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ စစ်ရှောင်စခန်းတွေကိုလည်း ပိုပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတာကိုလည်း ဒီ ၂၀၂၄ မှာတွေ့ခဲ့ရတယ်။ ဒီဟာကတော့ ပိုပြီးမှ ရှင်းလင်းတဲ့ သိသာတဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ၂၀၂၄ မှာ စစ်ကောင်စီက ကျူးလွန်တာကို ကျွန်တော်တို့ပိုပြီးတော့မှ တွေ့လာရတယ်” ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆက်လက်ပြောသည်။
စစ်ကောင်စီ၏ ထိုသို့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်း နှင့် ဒေသခံများအပေါ် ပစ်မှတ် ထားတိုက်ခိုက်နေမှုများကို ကရင်နီပြည်နယ်အတွင်းရှိ IEC အပါအဝင် အဖွဲ့အစည်းအသီးသီးမှ တားဆီး နိုင်ရန် ကြိုးစားနေပြီး အပြီးတိုင်ရပ်တန့်နိုင်ရန် နိုင်ငံတကာ အင်အားစုများကိုလည်း ဆက်လက်၍ အကူညီဆောင်းဆိုမှုများပြုလုပ်ထားကြောင်း IEC ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ကရင်နီ #စစ်ကောင်စီ #အရပ်သားတိုက်ခိုက် #စစ်ရာဇဝတ်မှု #လေကြောင်းတိုက်ခိုက် #လူ့အခွင့်အရေးအချိုးဖောက် #၁၀၈ကြိမ် #IEC #Ayeyarwaddy_Times