
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ ညောင်ကျိုးသို့ စစ်ကူပို့သည့် ကပစမှစစ်ကောင် စီတပ်ဖွဲ့ဝင် အများအပြားထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးနေရကြောင်း သိရသည်။
မိုးထိဗျူဟာကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ချိန်တွင် အထိနာထွက်ပြေးလာသည့် ကပစ ၃ နှင့် ၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲပြင်းထန်နေသည့် ညောင်ကျိုးသို့ စစ်ကူထပ်မံပို့ရာ ကြောက်လန့်တကြား ထွက်ပြေးကြကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
“တော်တော်များများက တိုက်ခိုက်ရေးအင်အားတွေ မဟုတ်ဘဲ ကပစစစ်သားတွေဖြစ်နေတာများတယ်။ ဒီကောင်တွေက ရဲကတောင် သူတို့ထက်သာသေးတယ်။ ခံစစ်ပြင်မယ်ဆိုရင်လည်း အင်အားက ကပစစစ်သားတွေနဲ့တော့ မရဘူး။ အင်အားထုတ်စရာမရှိဘူးဆိုရင် ပြည်သူ့စစ်တွေနဲ့ပြန်ကာရမယ့် အနေ အထားမျိုးပဲ။ ကပစ ၆ ကအဖွဲ့တွေက အတော်လေး ထိ ခိုက်ထားတယ်။ သေနတ်ကိုင်ပြန်တိုက်ရမှာဖြစ်တဲ့အတွက် ထွက်ပြေးတာလည်း အတော်လေးများနေ တယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည့် ညောင်ကျိုးကို ဥသျှစ်ပင်မှနေ၍ စစ်ကားများဖြင့် စစ်ကူအင်အားများ ပို့ဆောင်ခဲ့ပြီး ညောင်ကျိုးမှနေ၍ ဥသျှစ်ပင်ဘက်သို့ ထိခိုက်ဒဏ်ရာရသူနှင့် သေ ဆုံးသူများကို ဖောကားများဖြင့် ပြန်ပို့နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။
မိုးထိဗျူဟာကျပြီးနောက် ညောင်ကျိုးနှင့် ပုဂံကွဲရွာမှ စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူပေးခဲ့သလို ခံစစ်စည်းများပြုလုပ်ကာ အင်အားဖြည့်ထားပြီး ကာကင်းများကို ညောင်ကျိုး၌ပြု လုပ်ထားခဲ့ကြောင်း သိရသည်။
သို့ရာတွင် ညောင်ကျိုးသို့ စစ်ကူပို့သည့် ကပစအဖွဲ့ဝင်များမှာ တောင်ပုံကြီးနှင့် မိုးထိဗျူဟာတွင် အထိနာခဲ့သည့်အပြင် တိုက်ခိုက်ရေးစွမ်းရည် မရှိသည့်အတွက် တိုက်ပွဲအတွင်း နေ့စဉ်ထွက်ပြေးနေကြခြင်း ဖြစ်သည်။
ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးရာ ဖမ်းမိသူများကို စစ်ကောင်စီတပ်က ကတုန်းရိတ်ပြီး ဖမ်းဆီးထားကြောင်း သိရသည်။
လက်ရှိတွင် ညောင်ကျိုး၌ တိုက်ပွဲပြင်းထန်နေသည့် အတွက် ကပစ ၆ ရှိသည့် ညောင်ခြေထောက်တွင် ဒေသခံများကို စစ်ကောင်စီကမောင်းထုတ်ပြီး ကာကင်းစခန်းများပြုလုပ်ကာ ခံစစ်ပြင်ဆင်နေကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။
#ပဲခူး #ပြည် #ပန်းတောင်း #ကပစ #တပ်သား #ခံစစ်ပြင် #ထွက်ပြေး #ဖမ်းဆီး #ကတုန်းရိတ်
#Ayeyarwaddy_Times