
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
စကခ-၂၁ အတွင်းမှ ကွပ်ကဲရေးမှူးနှင့် အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ဌာနချုပ်ကို စွန့်ခွာထွက် ပြေးသွားကြောင်း သိရသည်။
“BEME ဘက်ကနေ KIA တပ်ဖွဲ့တွေကထိုးဖောက်ဝင်တာ အိမ်ထောင်သည်လိုင်းခန်းဘက်အထိ သိမ်းထားပြီးပြီ။ စကခ ကွပ်ကဲရေးမှူးက တပ်ဆုတ်သွားပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
KIA တပ်ဖွဲ့များသည် ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထိုးစစ်အရှိန်မြှင့်တင်၍ စစ်ကောင်စီ၏ လက်ကျန်တပ် စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ အမတ ၃၆၆ အမြောက်တပ်ရင်းဌာနချုပ်နှင့် အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်တို့ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသည့် စကခ ၂၁ နှင့် ခလရ ၄၇ တို့ကို KIA က ဆက်လက်တိုက်ခိုက်ရာ စကခ ၂၁ အတွင်းရှိ အိမ် ထောင်သည်လိုင်းခန်းများအထိ ထိုးဖောက်ဝင်ရောက် နိုင်ပြီဖြစ်ကြောင်း သိရသည်။
KIA သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့အတွင်းရှိ စစ်ရေးအရ အရေးပါသည့်နေရာများနှင့် ဗန်းမော်လေဆိပ်တစ်ခုလုံးကိုပါ KIA က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ဗန်းမော်မြို့တိုက်ပွဲဖြစ်ရာနေရာများ နှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းအချို့ကို လေကြောင်းမှပို့ဆောင်နေရကြောင်း သိရ သည်။
ပုံစာ- ဗန်းမော်လေတပ်ကို KIAတပ်များသိမ်းပိုက်ထားစဥ်
#ကချင် #ဗန်းမော် #စကခ၂၁ #ကွပ်ကဲရေးမှူးအဖွဲ့ #ထွက်ပြေး #တပ်လိုင်းခန်း #KIA #ထိုးဖောက်ဝင် ရောက် #Ayeyarwaddy_Times