
ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၂ ရက်
ဧရာ၀တီတိုင်း၊သာပေါင်းမြို့နယ်၊ ကျားခေါင်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၈ရက်နေ့က မြို့မရဲစခန်းမှူး ဒုရဲမှူး၀င်းနိုင်ဦးကို စနိုက်ပါနှင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသည့် ဖြစ်စဥ်တွင် ထွက်ပြေးသွားသည့်ရဲများ အဆက်အသွယ်ပြတ်နေရာမှ သုံးရက်အကြာတွင် စခန်းသို့ပြန်လည်ရောက်ရှိလာကြောင်းသိရှိရသည်။
သာပေါင်းမြို့မရဲစခန်းမှ စခန်းမှူးနှင့် လိုက်ပါသွားသော နယ်ထိန်းနှစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ ဇန်နဝါရီလ ၃၀ရက်နေ့တွင် စခန်းသို့ ပြန်ရောက်ရှိလာပြီး စခန်းမှူး၏ ရုပ်အလောင်းကိုလည်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူတစ်ဦးမှပြောသည်။
“သူတို့တွေက စခန်းမှူး သွားလေရာ လိုက်ရတဲ့သူတွေ ၊ ကွက်ပြင်ကျေးရွာနယ်ထိန်းနဲ့ဇီးဖြူကွင်းနယ်ထိန်းတွေပါတယ်။ ကြောက်ပြီးတောထဲပတ်ပြေးနေတာ ဆက်သွယ်လို့လဲမရတော့လို့ သေပြီလို့တောင် စခန်းကထင်နေတာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။
သာပေါင်းမြို့ရှိ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်းYGW ၏ ကားကိုအသုံးပြုပြီး စခန်းမှူး အပါအ၀င်ရဲသုံးဦး မှ ကျားခေါင်းကျေးရွာအကျော် သစ်တောအတွင်းရှိစစ်ကောင်စီတပ်သို့ ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရခြင်းဖြစ်ပြီး အာရက္ခတပ်တော် AA နှင့် တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။
ဓာတ်ပုံ-သာပေါင်းမြို့တွင်ကင်းလှည့်နေသည့်ရဲတပ်ဖွဲ၀င်များ
#သာပေါင်းမြို့မရဲစခန်းမှူး #စနိုက်ပါထိမှန်သေဆုံး #ဒုရဲမှူးဝင်းနိုင်ဦး #Ayeyarwaddy_Times