
ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဖေဖော်ဝါရီ ၂ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တပ်မဟာ-၁ နယ်မြေနှင့် တပ်မဟာ-၅ နယ်မြေကြားရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းကို စစ်တပ် အာဏာသိမ်းသည့် လေးနှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီ၏ ဗျူဟာအဆင့်ရှိ ဗျူဟာမှူးမှစခန်းထိုင်သည့် မဲပလီစခန်းကို KNLA၊ PDF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တစ် လဝန်းကျင် အချိန်ယူထိုးစစ်ဆင်ခဲ့ပြီးနောက် စခန်းသိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်းအများအပြားနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
“ရန်သူ့ဘက်က လေကြောင်းပစ်ကူရှိတာတွေရော စခန်းရဲ့အနေအထားကြောင့်ရော သိမ်းတဲ့နေရာမှာ အခက်အခဲတွေက မျိုးစုံကြုံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကျော်လွှားနိုင်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ မဲပလီစခန်းသိမ်းတိုက်ပွဲမှာ သုံ့ပန်းတွေ လက်နက်ခဲယမ်း သိမ်းမိတာတွေလည်းရှိတယ်။ ဒီဟာတွေကို နောက်ဆက်တွဲအနေနဲ့ ကျွန်တော်တို့ သေချာအတည်ပြုပြီးတော့မှ ထုတ်ပြန်မှာဖြစ်ပါတယ်” ဟု FFD တပ်ဖွဲ့မှ ဒုတာဝန်ခံ အောင်အောင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း FFD တပ်ဖွဲ့ မြေပြင်ချေမှုန်းရေးမှ ဒုတိယတပ်ခွဲမှူး ဆရာမြင့်မိုရ်(ခ)နတ်မောက် ကျဆုံးခဲ့ရပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မှ ရဲဘော်တစ် ဦးလည်းကျဆုံးခဲ့ကြောင်း သိရသည်။
ဒု-တပ်ခွဲမှူး မြင့်မိုရ်မှာ တိုက်ရည် ခိုက်ရည် ကောင်းမွန်သည့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် လက်အောက်ငယ်သားများအပြင် မဟာမိတ် တပ်ဖွဲ့ဝင်များနှင့် ဆက်ဆံရေး ပြေပြစ်ကာ အလုပ်လုပ်ကိုင်ရာတွင်လည်း စိတ်ရှည်စွာ လုပ်ကိုင်လေ့ရှိသူတစ်ဦး ဖြစ်သည်ဟုဆိုသည်။
“ဒီလိုတိုက်ရည်ခိုက်ရည်ကောင်းတဲ့တပ်မှူး တစ်ယောက် ကျဆုံးရတာ ကျွန်တော်တို့တပ်ဖွဲ့တင်မဟုတ်ပဲ မဟာမိတ်တပ်ဖွဲ့တွေ အားလုံး ဝမ်းနည်းကြရတယ်။ ကျွန်တော်တို့အတွက်ကြီးမားတဲ့ဆုံးရှူံးမှုတစ်ခုဖြစ်ပါတယ်” ဟု ဒု-တာဝန်ခံအောင်အောင်က ဆက်လက်ပြောသည်။
FFD တပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် KNLA၏ သမိုင်း၀င် ဌာနချုပ်တစ်ခုဖြစ်သည့် မာနယ်ပလောဒေသကို တိုက်ခိုက်သိမ်းပိုက်ရာတွင်လည်း ပါဝင်ခဲ့ပြီး ဖာပွန်မြို့သိမ်းတိုက်ပွဲ၊ ခလရ-၁၉ တပ်ရင်း၊ ခမရ-၄၃၄ တပ်ရင်း၊ စစန-၆၄၂ တပ်ရင်း၊ ခေါပုတ်စခန်း၊ ခူးဆိတ်စခန်း၊ မာထောစခန်း၊ ဆင်စွယ်စခန်း၊ တောင်သုံးလုံးစခန်သိမ်း တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#တပ်မဟာ၁ #ဘီးလင်း #မဲပလီစခန်း #စခန်းသိမ်းပိုက်နိုင် #FFD #KNLA #ဒုတပ်ခွဲမှူး #ကျဆုံး #Ayeyarwaddy_Times