
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၂ ရက်)
“အိပ်ပျော်သွားရင် မျက်စိပြန်မြင်ရတယ် ဆရာ ။ အိပ်မက်မက်ရင် အမေ့ကိုရော အိမ်ကိုရော ညီလေးတွေကိုရော ပြန်မြင်ရတယ်။ နိုးလာတာနဲ့ ကျွန်တော် ဘာမှမမြင်ရတော့ဘူး” လို့ ကရင်နီ(ကယား)မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ မျက်လုံးကွယ်ခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်လေးက ဆွေးဆွေးမြေ့မြေ့ ပြောပြနေပါတယ်။
အဆိုပါ လူငယ်ဟာ အိမ်အတွက် အဓိကစီးပွားရှာဖွေပေးနေရသူဖြစ်ပြီး ၂၃နှစ်တာ အသုံးပြုခဲ့တဲ့ သူ့ရဲ့ မျက်စိတစ်စုံကို ဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ ဘယ်လိုပြန်လျော်ပေးပေး အကောင်းအတိုင်းပြန် မဖြစ်နိုင်တော့ပါဘူး။
ဒါဟာ စစ်ကောင်စီက ကရင်နီမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြောင့် မျက်စိ တစ်စုံလုံး ဆုံးရှုံးသွားတဲ့ လူနာကို ဆရာဝန်တစ်ယောက်အနေနဲ့ ပြန်သတိရနေတာပဲ ဖြစ်ပါတယ်။
မတရားမှုကို ငုံ့ခံနေမယ်ဆိုရင် အနာဂတ်နဲ့ ဘဝသေမှာဖြစ်ပြီး ပြန်တိုက်ယူမယ်ဆိုရင်လည်း အထိအခိုက်ဆိုတာ ရှိနေမှာပဲ ဖြစ်ပါတယ်။ လူငယ်တွေအပါအဝင် နိုင်ငံသားတွေဟာ “မျှော်လင့်ချက်ကို ဘယ်တော့မှသေဆုံးခွင့်မပေးဘူး” ဆိုတဲ့ ရဲရဲဝံ့ဝံ့ စိတ်ဓာတ်နဲ့ မတရားမှုနဲ့ အနိုင်ကျင့်စော်ကားမှုကို တွန်းလှန်ခဲ့ကြတာ လေးနှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အခုအခါမှာတော့ မြို့ပေါင်းတစ်ရာဝန်းကျင် သိမ်းထားနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့နိဂုံးကို မျှော်လင့်နိုင် နေပါပြီ။ အသက်တွေ ခန္ဓာတွေ ကိုယ်လက်အင်္ဂါတွေ ရင်းပြီး တိုက်ယူရတာကြောင့် လေးနှစ်အတွင်းမှာ အထိအခိုက်အချို့လည်း ရှိနေခဲ့တာကို မြင်နေ ကြားနေ တွေ့နေရပြီး ကျွန်တော်ကိုယ်တိုင်ပင်လျင် လက်လှမ်းမီသလောက် ကုသပေးနေရပါတယ်။
စစ်တပ်ဟာ တော်လှန်သူ လူငယ်တွေသာမက အရပ်သားပြည်သူတွေဖြစ်တဲ့ အမျိုးသမီး၊ ကလေး သူငယ်၊ သက်ကြီးရွယ်အိုတွေပါမကျန် အကုန်ပစ်မှတ်ထားတိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့ လက်နက် ကြီးထိမှန်သူ၊ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်ပြီး ဒဏ်ရာရသူတွေအပြင် အသက်ဆုံးရှုံးခဲ့ရမှုတွေဟာ ဒုနဲ့ဒေးပါပဲ။
ပျောက်ကင်းသွားတဲ့သူတွေ ရှိသလို အချို့မှာလည်း မသန်စွမ်းအဖြစ် ဆက်လက်ရှင်သန်ရပ်တည် ကြရပါတယ်။
ကျွန်တော်ဟာ စစ်မက်ကြောင့် ခြေလက်ပျက်စီးသွားသူတွေ၊ ခါးရိုးထိခိုက်ပြီး အောက်ပိုင်း သေသွား သူတွေ၊ မျက်စိထိခိုက်ပြီး အမြင်ကွယ်သွားကြသူတွေ၊ ကျည်လက်နက်ထိမှန်ပြီး ကိုယ်တွင်းအင်္ဂါ ပျက်စီးသွားသူတွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရတာကြောင့် မသန်စွမ်းအခွင့်အရေးအကြောင်းကို မျှဝေချင်တာမို့ လက်လှမ်းမီသလောက် လေ့လာ ဝေမျှလိုက်ရပါတယ်။
#ကမ္ဘာ့ဇာတ်ခုံပေါ်ကမသန်စွမ်းအခွင့်အရေး
ခွဲခြားဆက်ဆံမှုတွေ နှိမ့်ချအနိုင်ကျင့်စော်ကားမှုတွေ လျစ်လျူပြုမှုတွေကြောင့် မသန်စွမ်းများ အခွင့်အရေးဆုံးရှုံးနေရပါတယ်။ ဒါဟာ မသန်စွမ်းဖြစ်နေလို့ဆိုပြီး အခွင့်အရေးပိုရဖို့ တောင်းဆိုနေတာ မဟုတ်ဘဲ မသန်စွမ်း အခွင့်အရေးဆိုတာ လူသားအားလုံးကို ညီညီမျှမျှ တန်းတူဆက်ဆံကြဖို့နဲ့ မသန်စွမ်းတွေ အခွင့်အရေး တန်းတူရစေဖို့ပဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကိစ္စတိုင်းမှာ မသန်စွမ်းများ ကို ချန်မထားခဲ့ဘဲ ထည့်သွင်းစဉ်းစားပေးဖို့ဖြစ်ပါတယ်။
လူတိုင်း နေ့စဉ်သွားလာအသုံးပြုနေရတဲ့ နေရာတွေမှာလည်း မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစား ပြင်ဆင်ပေးသင့်ပါတယ်။ အဆောက်အအုံလျှောက်လမ်း နဲ့ အိမ်သာတို့တည်ဆောက်တဲ့အခါ မသန်စွမ်းများ လွယ်ကူစွာအသုံးပြုနိုင်ဖို့အတွက် လွယ်ကူတဲ့ပုံစံတွေကို လုပ်ဆောင်ပေးဖို့လိုအပ်ပြီး အခုအခါမှာတော့ မသန်စွမ်းများ လွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်း အသုံးပြုလာကြပါပြီ။
ဘီးတပ်ကုလားထိုင် သွားလာနိုင်တဲ့ လမ်းတွေ ထည့်သွင်း တည်ဆောက်လာပြီဖြစ်ပါတယ်။ ကား၊ ရထား၊ လေယာဉ် သင်္ဘောစတဲ့ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်တွေမှာလည်း မသန်စွမ်းများ အသုံးပြု နိုင်အောင် စီစဉ်ထားသင့်ပါတယ်။
မသန်စွမ်းတွေဟာလည်း စွမ်းဆောင်နိုင်စွမ်းရှိတာကြောင့် အလုပ်အပ်ခြင်း၊ အလုပ်ခန့်ခြင်း၊ စီးပွား ရှာခြင်းတွေကိုလည်း လုပ်ဆောင်နိုင်ကြသူတွေပါ။ မသန်စွမ်းဖြစ်တာကြောင့် အလုပ်မခန့်တာမျိုး နှိမ့်ချ ဆက်ဆံခြင်းမျိုး မလုပ်သင့်ဘဲ မသန်စွမ်းတွေမှာလည်း စွမ်းဆောင်ရည်အလိုက် အလုပ်ရပိုင်ခွင့် ရှိတယ်ဆိုတာ သတိပြုရပါမယ်။
မသန်စွမ်းတွေဟာ ပညာ သင်ကြားပိုင်ခွင့်ရှိသလို အဆင့်မြင့်ပညာ သင်ယူနိုင်ခွင့်အလားအလာလည်း ရှိရပါမယ်။ လူအခွင့်အရေးအရ တရားမျှတသော ရွေးကောက်ပွဲအတွက် မသန်စွမ်းတွေလည်း မဲပေးပိုင်ခွင့်ရှိရမှာဖြစ်ပြီး မသန်စွမ်းအားကစားပွဲများကိုပင် စီစဉ်ပြုလုပ်ပေးရမှာဖြစ်ပြီး ကျင်းပပေး လျက်ရှိတာကို တွေ့ရပါတယ်။
မသန်စွမ်းတွေအတွက် အခွင့်အရေးတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုရယူပိုင်ခွင့်၊ ကုသခံယူပိုင်ခွင့် ရှိရမည်ဆိုတဲ့ ရပိုင်ခွင့်ဟာ အဓိကအရေးကြီးဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေးအတွက် ပြန်လည်ထူထောင်ရေး (Rehabilitation) ကုသမှုတွေ ရယူနိုင်ရပါမယ်။
#မြန်မာနိုင်ငံနှင့်မသန်စွမ်းများ
မြန်မာနိုင်ငံမှာ မသန်စွမ်းများအရေးကို တက်ကြွလှုပ်ရှား ကူညီ ကာကွယ်ပေးနေသူတွေရှိကြပါတယ်။ ဒါပေမယ့် လူအများစုက မသန်စွမ်းအခွင့်အရေးဆိုတာကို သိခြင်း ကြားဖူးခြင်းမရှိသလို တိုက်ပွဲတွေ ကြောင့် မသန်စွမ်းဖြစ်ခဲ့ရတဲ့ သူတွေအပေါ်မှာလည်း စာနာဖို့ အဆင်သင့် မဖြစ်နေကြသေးပါ။
မသန်စွမ်းများသည် သူဖုန်းစား(တောင်းရမ်းစားသောက်သူ)များ မဟုတ်ပါ။ မသန်းစွန်းတွေဟာ ပေးကမ်းခြင်းအပေါ် လက်ခံနေရပေမယ့် ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အရည် အချင်းနဲ့ ဘဝရပ်တည်နိုင်ဖို့ကိုသာ လိုအပ်လျက်ရှိပါတယ်။
ဒါကြောင့် မသန်စွမ်းများ ဘဝရှင်သန်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ (Vocational Training) ပြင်ဆင်ပေးသင့်ပါတယ်။ အလုပ်ခန့်ရာမှာလည်း မသန်စွမ်းများကိုပါ နေရာပေး ရွေးချယ် အလုပ်ခန့်သင့်ပါတယ်။
ကွန်ပြူတာကျွမ်းကျင်ပညာရှင်၊ ကွန်ပျူတာဒီဇိုင်းပညာရှင်၊ စာရေးဆရာ၊ စိတ်ကျန်းမာရေးကုသ ဆွေးနွေးပေးသူ၊ အနှိပ်ပညာရှင်၊ ဖုန်းနှင့်ကွန်ပျူတာပြင်ဆင်သူ၊ အိမ်တွင်းလက်မှုပညာသည်၊ စီးပွားရေးအကြံပေး၊ ဂီတပညာရှင်၊ အဆိုတော် စသဖြင့် ဝါသနာအလိုက် နယ်ပယ်အသီးသီးတွင် အောင်မြင်နေတဲ့ မသန်စွမ်းတွေ ရှိကြပါတယ်။
ရှေ့တန်းမှာ လက်နက်ကြီးထိမှန်ပြီး ဘယ်ခြေထောက်ထိခိုက်ခဲ့တဲ့ မသန်စွမ်းလူငယ်တစ်ယောက်ဟာ ဒရုန်းထိန်းချုပ်ခြင်းပညာကိုသင်ယူပြီး ဘဝကိုရှေ့ဆက်နေပါတယ်။ ချိုင်းထောက်ဖြင့် သွားလာနေရလို့ မသန်စွမ်းဖြစ်သွားပေမယ့်လည်း နေရာအသစ်မှာ အသုံးဝင်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။
မိုင်းနင်းမိပြီး ပေါင်အရင်းမှခွဲစိတ်ဖြတ်တောက်လိုက်ရတဲ့ လူငယ်တစ်ဦးမှာလည်း ဂီတပညာစဥ် ဆက်မပြတ် ဆည်းပူးပြီး သီချင်းများ ထုတ်ဝေကာ အထိုက်အလျောက်အောင်မြင်နေပါတယ်။
စနိုက်ပါကျည်ထိမှန်လို့ ခါရိုးထိခိုက်ပြီး အောက်ပိုင်းသေသွားတဲ့ တက္ကသိုလ်ကျောင်းသား လူငယ်လေး ဟာ ဘဝကို အားမလျော့ဘဲ နိုင်ငံခြားဘာသာစကားများသင်ယူပြီး Digital Nomad အဖြစ် ရပ်တည် ရှင်သန်နေကြပါသည်။
#မသန်စွမ်းများအပေါ်အပြစ်ကျူးလွန်နေကြသူများ
မသန်စွမ်းဖြစ်ရသည့်အခါ စိတ်ဓာတ်ကျပြီး ဘဝကိုအရှုံးပေးချင်စိတ်တွေဝင်လာတတ်ကြပါတယ်။ အားငယ် လာတတ်ကြပြီး ဝမ်းနည်းစိတ်ကလည်း အလွယ်တကူဖြစ်ပေါ်လာတတ်တာမို့ စိတ်အခြေ အနေကျန်းမာဖို့အတွက် နှစ်သိမ့်တိုင်ပင် ဆွေးနွေးကုသမှုတွေကို ခံယူကြရပါတယ်။
မသန်စွမ်းသူများသည်လည်း လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီ သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို ပိုမိုရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ လူတိုင်းဟာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေကို ရရှိထိုက်ပြီး မသန်စွမ်းသူများအတွက် ပိုမိုကောင်းမွန်သော ဘဝတွေကို ဖန်တီးပေးနိုင်ဖို့ လူတိုင်း ပူးပေါင်းပါဝင်သင့်ပါတယ်။
အထူးသဖြင့် တိုက်ပွဲတွေကြောင့် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူတွေကို ကျွန်တော်တို့ အားလုံး လေးလေးစားစားဆက်ဆံကြဖို့ လိုပါတယ်။ သူတို့တွေဟာ လူသားတိုင်း စွန့်နိုင်ခဲတဲ့ ကိုယ်လက်အင်္ဂါတွေကို စွန့်လွှတ်ပြီး နိုင်ငံလွတ်မြောက်ရေးအတွက် ပေးဆပ်ခဲ့ကြသူများ ဖြစ်ကြပါတယ်။
တိုက်ပွဲကြောင့် မသန်စွမ်းဖြစ်ခဲ့သူတွေကို စိတ်ဒုက္ခပေးတာ၊ နေထိုင်ရအဆင်မပြေအောင် ဆောင်ရွက်တာ၊ ခွဲခြားနှိမ့်ချအနိုင်ကျင့်စော်ကားတာ၊ ဆဲဆိုပြီး နာကျင်စေအောင်ရည်ရွယ်ချက် ရှိရှိဆက်ဆံတာမျိုးတွေကို ကျူးလွန်နေကြတဲ့ လူအချို့ကိုလည်း စိတ်မသာစရာ မြင်တွေ့နေရပါတယ်။
အထူးသဖြင့် မသန်စွမ်းစောင့်ရှောက်သူများအနေနဲ့ မိမိတို့ရဲ့အပြုအမူကို အမြဲတမ်း သတိကပ် ဆင်ခြင်သင့်ပါတယ်။
မသန်စွမ်းများကို ကောင်းကောင်းမွန်မွန် မထားဘဲ “မျောက်ပြဆန်တောင်း”သဖွယ် မသန်စွမ်း စောင့်ရှောက်သူဟုခံယူကာ ငွေကြေးအထောက်အပံ့ရယူ နေခြင်းမျိုးတွေကို ကြုံရတာမျိုးလည်း ရှိပါတယ်။
မသန်စွမ်းတွေကို အသုံးချကာ လူမှုကွန်ရက်တွေကနေ ဓာတ်ပုံ ဗီဒီယိုဖိုင်များတင်ကာဖြစ်စေ၊ ရုပ်သံ တိုက်ရိုက်လွှင့်ခြင်းတွေကို လုပ်ဆောင်တာမျိုးဖြစ်စေ ဒါတွေဟာ မသန်စွမ်းအခွင့်အရေးကို ချိုးဖောက် နေခြင်းဖြစ်ပြီး လူသားမဆန်ခြင်းကို ဖော်ညွှန်းနေတာပါ။
ဒါကို မသိနားမလည်လို့ ပြုလုပ်မိတယ်ဆိုပါကလည်း ဆင်ခြင်နိုင်ပြီး ထပ်မံကျူးလွန်မှုမျိုး မလုပ်ကြ စေဖို့ မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်။
ယခုတစ်ပတ်မှတော့ မသန်စွမ်းများအခွင့်အရေးအကြောင်းကိုဖတ်ရှုပြီး တန်းတူညီမျှ ဆက်ဆံ နိုင်ကြမယ် လို့မျှော်လင့်မိပါတယ်။ နောက်တစ်ပတ်မှာတော့ သားအိမ်အတွင်းအသားလုံးတည်ခြင်း (Myoma) ကျန်းမာရေးပညာပေးဆောင်းပါးကို တင်ဆက်ပေးသွားပါမယ်။ ဧရာဝတီတိုင်းမ်း ပရိသတ်များအားလုံးလည်း ကျန်းမာသုခရရှိပြီး ဘေးရန်ကင်းကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ပွဲတွေကြောင့် #မသန်စွမ်းဖြစ်ခဲ့ရသူများ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။