ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA)တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၆ရက်နေ့မှ ယနေ့အောက်တိုဘာ ၂၇ရက် နံနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”စစ်တပ်ဘက်က ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကနေ အခု AA ကပါပြန်ပစ်တယ်” ဟု စစ်တွေရှိ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးအချို့မှာ စစ်တွေ ဒေသကွပ်ကဲမှုဆိုင်ရာ ဌာနချုပ် ဒကစ အတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့သေဆုံးကာ စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းဗုံးများသုံး၍ ပုဏ္ဏားကျွန်းမြို့နယ်ကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်ခဲ့ရစဉ်က AA တပ်များ စစ်တွေမြို့ကို ရောက်မလာ စေရန်အတွက် မင်းချောင်းတံတားကို ချိုးဖျက်ခဲ့ရာ ယခု အဆိုပါမင်းချောင်းတံတားကို ပြန်လည်ပြင်ဆင် ထားကြောင်း သိရသည်။
စစ်တွေ- ပုဏ္ဏားကျွန်း ဆက်သွယ်ထားသည့် မင်းချောင်းတံတားကို ပြင်ဆင်မှုများလုပ်ဆောင်ပြီး တံတားထိပ်နှစ်ဖက်တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ လူအင်အား ချထားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့ ရွှေမင်းဂံရှိ စစ်ကော်မရှင်ရေတပ်နှင့် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှနေ၍ လက်နက်ကြီး များဖြင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ AAတပ်ဖွဲ့များကလည်း စစ်ကော်မရှင်တပ်များရှိရာ နေရာများနှင့် ဒကစအတွင်းကို ပြန်လှန်ပစ်ခတ် နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)