(တီးတိန်)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းကုန်းကို စစ်ကော်မရှင်တပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်သည် ကလေးမြို့မှ တီးတိန်မြို့ ခလရ (၂၆၉) တပ်ရင်းကို ယမန်နေ့ အောက်တိုဘာ ၂၆ ရက်၊ နေ့လယ်အချိန်မှစ၍ ကလေးမြို့မှ Mi 17 လေယာဥ် တစ်စီးဖြင့် ငါးကြိမ်ခန့် တပ်အင်အားဖြည့်နေကြောင်း သိရသည်။
“မနေ့က နေ့လယ်လောက်မှာ ကလေးမြို့ကနေ Mi-17 လေယာဉ်ငါးကြိမ်လောက် တီးတိန်မြို့ကိုလာပြီး တပ်အင်အားဖြည့်တင်းသွားပါတယ်။ ဘယ်လောက်ဖြည့်သလဲတော့ မသိသေးဘူး”ဟု တီးတိန်မြို့နယ်စစ်ရေးအခြေအနေစောင့်ကြည်သူ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ စစ်ကော်မရှင်သည် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက်တွင်လည်း တီးတိန်မြို့ ခလရ (၂၆၉) တပ်ရင်းကုန်းကို Mi -17 တစ်စီးဖြင့် ငါးကြိမ် လေကြောင်းဖြင့် တပ်အင်အားဖြည့်တင်းနေကြောင်း သိရှိရသည်။
“ဒီနေ့ လေယာဥ်လာတာ ငါးကြိမ်လောက်ရှိသွားပြီ။ မြို့ထဲမှာ စစ်ရေးအခြေနေနဲ့ပတ်သက်ပြီး ဘာမှထူးခြားတာတော့မရှိသေးဘူး။ တပ်အင်အား ထပ်ဖြည့်တာဖြစ်နိုင်တယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တီးတိန်မြို့နယ်ရှိ CDF CDM – SYIN ထိန်းချုပ်ထားသော စီးယင်းဒေသကိုလည်း ကလေးမြို့မှ မြေပြင်ထိုးစစ်ဆင်လာသည့်အတွက် ကလေး-တီးတိန်ကားလမ်းကို ယာယီပိတ်ထားကြောင်း ယနေ့မနက်တွင် ထုတ်ပြန်ထားသည်။
တီးတိန်မြို့သည် စစ်ကော်မရှင် ထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ အပိုင်း (၁) အနေဖြင့် ကျင်းပရန်လုပ်ဆောင်နေသည့်မြို့ဖြစ်သည်။