ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြဝတီအခြေစိုက် KK Park အွန်လိုင်းငွေကြေးလိမ်လည်သည့် စင်တာ (ကျားဖြန့်လုပ်ငန်း)မှ ထွက် ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူ ၁၅၂၅ ဦးကို ထိုင်းအာဏာပိုင်များက ထိန်းသိမ်းထားနိုင်ပြီး ဆက်လက်တိုးမြင့်လာမည့် လူအရေအတွက်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြင်ဆင် နေကြောင်း သိရသည်။
ထိုင်းဘက်ခြမ်းသို့ထွက်ပြေးလာကြသူ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြပြီး လက်ရှိတွင် အိန္ဒိယ ၄၈၂ ဦး၊ တရုတ် ၁၉၃ ဦး၊ ဖိလစ်ပိုင် ၂၂၀ ဦး၊ ဗီယက်နမ် ၁၃၅ ဦး၊ အီသီယိုးပီးယား ၁၃၃ ဦး၊ ကင်ညာ ၁၀၂ ဦးတို့ကို စာရင်းသွင်းမှတ်တမ်းတင်ထားပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ် ထားကြောင်း သိရသည်။

ထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများကို မဲဆောက်မြို့နယ်အတွင်း မြဝတီ-မဲဆောက် အမှတ်(၂)တံတား အပါအဝင်နေရာခွဲ ထိန်းသိမ်းထားပြီး မဲဆောက်အခြေစိုက် မြန်မာလူမှုကူညီရေး အဖွဲ့အစည်းအချို့မှလည်း နေထိုင်စားသောက်ရေးအကူအညီများ ပေးအပ်နေကြောင်း သိရသည်။
ထို့ပြင် ထိုင်းနယ်စပ်မှ မီတာ ၅၀၀ သာကွာဝေးသည့် KK Parkကျားဖြန့်စင်တာအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့ကစတင်ကာ ပေါက်ကွဲမှုများဖြစ်ပေါ်နေပြီး ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့အထိ ပေါက်ကွဲမှု လေး ကြိမ်ဖြစ်ပွားခဲ့ကာ ထိုင်းဘက်ခြမ်းရှိ နေအိမ်အချို့ပါ ပေါက်ကွဲစ ထိမှန်မှုများရှိခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲမှုက မြန်မာက မြေပြင်တပ်ဖွဲ့တွေရဲ့ ဖြိုခွဲရေးလုပ်ငန်းစဉ်တွေကြောင့်ဖြစ်ပြီး ဒရုန်း တိုက်ခိုက်မှု မဟုတ်ပါဘူး။ နယ်စပ်နဲ့ မီတာ ၅၀၀ ပဲဝေးပါတယ်။ နယ်စပ်ကရွာသားတွေကို ကျွန်တော်တို့ မစိုးရိမ်ဖို့ ပြောပြီးပါပြီး။ သူတို့လည်း လုံခြုံပါတယ်” ဟု ဗိုလ်မှူးကြီး Worathep Bunya က ပြောသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဦးဆောင်လုပ်ကိုင်နေသည့် KK Park ကျားဖြန့်လုပ်ငန်းခွင်ကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးခြင်းဖြစ်ကာ ၎င်းတို့ပါဝင်ကြောင်း သက်သေအထောက်ထားများကို ဖျက်ဆီးခြင်းဖြစ်ကြောင်းလည်း ဒေသခံများကပြောဆိုခဲ့သည်။
ထို့ပြင် အဆိုပါ KK Park လုပ်ငန်းခွင်တွင် KNU မှ ပါဝင်ပတ်သက်နေကြောင်း စစ်တပ်နှင့် စစ်လော်ဘီ များကစွပ်စွဲပြောဆိုသည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယမန်နေ့အောက်တိုဘာ ၂၆ ရက်နေ့တွင် ငြင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
ကိုးကား – The Nation Thailand