‎‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၇ရက်

‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခ တပ်တော် (AA) ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

‎AA ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် လေးမျက်နှာမြို့နယ် စက်စက်ယိုရွာနှင့် ရွာအတွင်းရှိ တောင်ပေါ်ကျောင်းတို့ကို စစ်ကော်မရှင်တပ်များက ပိတ်ဆို့တိုက်ခိုက်လာကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။

‎”ရေကြည်ဘက်မှာလည်း ပွဲစနေပါတယ်။ ၂၄ရက်နေ့နဲ့ ၂၅ရက်နေ့ညတွေမှာ ပေါက်ကွဲသံတွေ ပြန်ကြား နေရပါတယ်” ဟု ရေကြည်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ထို့သို့ ပိတ်ဆို့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် AA ပူးပေါင်းတပ်များသည် ‎ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ် အစမှ စတင်ကာ စက်စက်ယိုရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က အင်အားတိုးချဲ့ စစ်ကူပို့မှုများ ရှိခဲ့သည်။

‎ပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်နေ့က အင်အားအပြည့်ပါဝင်သော စစ်ကော်မရှင်၏ စစ်သုံးကားကြီး အစီး ၂၀ သည် ဟင်္သာတမှနေ၍ ကွင်းကောက်ဖက်ကိုတက်ကာ လေးမျက်နှာသို့ ဆက်သွယ်ရေး‌ လမ်းကြောင်းပြောင်းပြီး စစ်ကူပို့ခဲ့ကြောင်း သိရသည်။

‎ရေကြည် အမြောက်တပ်အနီးတွင်လည်း ထိတွေ့တိုက်ပွဲရှိနေပြီး စစ်ကော်မရှင်သည် စစ်ရေးနှင့် မဆိုင်သည့် စပြင်ရွာကို ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က ဂျက်ဖိုက်တာ သုံးစင်းဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များအပါအဝင် ဒေသခံ ၂၄ဦးအထိသေဆုံးခဲ့ပြီး ၂၀ကျော်ဒဏ်ရာရရှိခဲ့သည်။

ရေကြည်အမြောက်တပ်မှနေ၍လည်း လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရွာများကို ပစ်ခတ် တိုက်ခိုက်မှုများကိုပါ ပြုလုပ်လျက်ရှိသည်။ ‎စစ်ကော်မရှင်သည် အမြောက်တပ်အနီးရှိ ကျေးရွာများကို ပြောင်းရွှေ့ခိုင်းထားပြီး ကာကင်းစခန်းများအခြေပြုကာ ဘန်ကာများဆောက် ဆက်သွယ်ရေး တူးမြောင်းနှင့် ကတုတ်ကျင်းများပါတူးထားကြောင်းသိရသည်။

‎ထို့အပြင်ကျုံပျော်အခြေစိုက်တပ်မှ ထုတ်နှုတ်အင်အားများနှင့် စစ်မှုထမ်းသင်တန်းဆင်းတပ်သား သစ်များ၊ ရက်တိုသင်တန်းပေးထားသည့် ပြည်သူ့စစ်များဖြင့် အမြောက်တပ်အတွင်း အင်အား ဖြည့်ထားသည်။ ရေနံ့သာလမ်းဆုံတွင်လည်း အင်အားအပြည့်ဖြင့်စောင့်ကြပ်နေကြပြီး ကာကင်းစခန်း ငယ်များဖြင့်ပါ အင်အားတိုးထားကြောင်း သိရသည်။

‎စစ်ကော်မရှင်က လာမည့်ဒီဇင်ဘာ ၂၈ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၁)အတွက် ဧရာဝတီ တိုင်းတစ်ခုလုံးကို နယ်မြေစိုးမိုးမှုရယူလိုနေပြီး လတ်တလော စစ်ရေးတင်းမာနေသည့် သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များကို အမြန်ဆုံးထိန်းချုပ်လိုနေကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။

ဓာတ်ပုံ-AA Info Desk

ပုံစာ-ဧရာ၀တီ-ရခိုင် အစပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)