ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာ ၂၇ ရက်

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာ၊ နှင်းစုံတံတားအနီးတပ်စွဲထားသည့် စစ်ကော်မရှင်နှင့် DKBA ပူးပေါင်းအဖွဲ့တို့ တပ်စွဲထားသည့် ဂိတ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က ယနေ့အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

နှင်းစုံစစ်ကော်မရှင်ဂိတ်စခန်းသည် ရေး-မော်လမြိုင်-ရန်ကုန်ကားလမ်းမကြီးပေါ်ရှိ စခန်းတစ်ခုဖြစ်ပြီး ဂိတ်စခန်းတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးဝန်းကျင်သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အမှတ်(၈) ပြည်ထောင်စုလမ်းဘေးမှာရှိတဲ့ နှင်းစုံစစ်ဆေးရေးဂိတ်ကိုစခန်းပေါ့ကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့ကဝင်ပစ်တယ်။ သူတို့ဘက်ခြမ်းကသေဆုံးသူ ၅ ဦးလောက်ရှိမယ်။ အဲ့ဒီ ၅ ဦးထဲမှာ အမျိုးသမီးတစ်ဦးပါတယ်။ ဂိတ်ကိုလာလည်ရင်းနဲ့ သေသွားတယ်” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲအတွင်း နှင်းစုံစစ်ဆေးရေးဂိတ်စခန်းကို လာရောက်ပတ်သည့် စံပြကျေးရွာမှ အမျိုးသမီးငယ် တစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါအမျိုးသမီးငယ်မှာ နှင်းစုံစစ်ဆေးရေးဂိတ်မှုးဦးသိန်းတန်ဆိုသူ၏ အမျိုးသမီးဘက်မှ ဆွေမျိုး တော်စပ်သူဖြစ်ပြီး တိုက်ပွဲအတွင်း ဂိတ်စခန်းမှူးဦးသိန်းတန်မှာလည်း လက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကာ ရေးမြို့မဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်းသိရသည်။

 

ရေးမြို့နယ်၊ နှင်းစုံတံတားရှိ အဆိုပါဂိတ်စခန်းမှာ ခမရ-၃၄၃ တပ်ရင်းနှင့် မီတာ ၂၀၀ သာကွာဝေးပြီး တော်လှန်ရေးတပ်ဖွဲ့များမှ မကြာခဏဝင်ရောက်တိုက်ခိုက်ခြင်းခံရသည့် စစ်ဆေးရေးဂိတ်စခန်း တစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ – ရေးဘီလူး