ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီ ၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့မရဲစခန်း ရဲစခန်းအချုပ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က တာဝန်ကျရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်လုကာ ပစ်ခတ်ထွက်ပြေးခဲ့သည့် အချုပ်သားများ အနက် တစ်ဦးသည် ရေးဘီလူးအဖွဲ့ထံသို့ ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။

ရဲစခန်းအချုပ်တွင်းမှ အချုပ်သားများမှာ နံနက်ပိုင်း ထမင်းလာပို့စဉ် တံခါးဖွင့်၍ အချုပ်ခန်းရှေ့ရှိ တာဝန်ကျတပ်ဖွဲ့ဝင်များ၏ သေနတ်များကိုလုယူကာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ထွက်ပြေးလာကြ ခြင်းဖြစ် ကြောင်းသိရသည်။

ပစ်ခတ်မှုအပြီး အချုပ်သား လေး ဦး လွတ်မြောက်သွားကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရပြီး ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင်များအား အဓိကရင်ဆိုင်ပစ်ခတ်ခဲ့သူကို ယခုအချိန်အထိ ‌‌‌‌‌‌‌‌အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

“အချုပ်ကထွက်ပြေးတဲ့ ညီလေး‌တွေအကုန်လုံးက လမ်းကြောင်းတွေမတူကြတော့ အကုန်က အချုပ် ကနေ ထွက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ဘက်ခြမ်းက တစ်ယောက်ပဲကယ်ထုတ်နိုင်ခဲ့တယ်။ အဲ့ဒီထဲမှာပဲ ရဲသေနတ်ကိုလုတဲ့ battle ဆိုင်ပစ်တဲ့ ညီလေးကျတော့ အခုချိန်ထိ ကျွန်တော်တို့ အဆက်အသွယ်မရသေးဘူး” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ နေရာတွင်ပင် သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုကြောင့် ရဲစခန်းမှူးတွင် ရင်ဘတ် ကျည်ဖောက် ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်းလည်း သိရသည်။

“သူတို့တွေက အချုပ်ထဲမှာ နေနေခဲ့တာကြာပြီ။ အချုပ်မှာကျတာ ခြောက်လလောက်ရှိပြီ။ နိုင်ငံရေး အကျဉ်းသားတွေပေါ့နော်။ နိုင်ငံရေးအကျဉ်းသားကိုမှ ပုဒ်မအမျိုးမျိုးတပ်ပြီးသေဒဏ်တွေနဲ့ ချမှတ် ခံရမယ့် သူတွေပေါ့” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆက်လက် ပြောသည်။

ရေးဘီလူးအဖွဲ့ထံ သို့ရောက်ရှိလာသူမှာ ယခုအခါအန္တရာယ်ကင်းသည့် အခြေအနေ‌‌တွင် ရှိနေပြီး ကျန်လွတ်မြောက်သွားသည့် အချုပ်သားများအနေဖြင့် မည်သည့် နေရာသို့ ရောက်ရှိနေကြောင်းကိုမူ ဧရာ၀တီတိုင်းမ် အနေဖြင့် သိရခြင်းမရှိသေး‌ပေ။

ဓာတ်ပုံ – ရေးဘီလူး
#ရေး #မြို့မရဲစခန်း #အချုပ်သား #ထွက်ပြေးလွတ်မြောက် #ရဲသေဆုံး #Ayeyarwaddy_Times