
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဖေဖော်ဝါရီ ၂ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းရန်အတွက် စုဆောင်းခံရသူများ စုစုပေါင်း ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများထဲတွင် ခရိုင်ရဲအရာရှိကြီးများ၊ မြို့နယ်အဆင့်အရာရှိများ ပါဝင်နေပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် ၂၀၂၄ ၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖလမ်းမြို့၊ အထက (၂) ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၉၇ ဦးကို လေကြောင်းဖြင့် စစ်ကူချပေးခဲ့ပြီး အဆိုပါ တပ်ဖွဲ့ဝင် အများစုကို CNDFက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“၉၇ ယောက်ထဲမှာ အများအားဖြင့် ပြည်သူ့စစ်တွေ ပိုများတယ်။ စစ်မှုမထမ်းမနေရနဲ့ အဖမ်းခံရပြီးတော့ အတင်းအကျပ်သင်တန်းတက်ခိုင်းလို့ တက်ကြရတဲ့ လူငယ်တွေ ပိုများတယ်။ ဝါရင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၃၀ လောက်ပဲရှိတယ်။ အဲ့ဒါကြောင့်ပဲ သူတို့စစ်ကူချတဲ့နေရာကို ကျွန်တော်တို့ တိုက်ခိုက်ပြီးတော့ ၂၆ ရက်နေ့မှာ အားလုံးနီးပါးကို အပြတ်ရှင်းနိုင်ခဲ့တယ်ပေါ့” ဟု CNDFပြောခွင့်ရ ဆလိုင်းတင်မီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အထက (၂) ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ချောင်းအတိုင်း ကလေးဘက်သို့ ဆင်းသွားပြီး အယောက် ၅၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားနိုင်ကြောင်း သိရသည်။
“ဖလမ်း၊ အထက (၂) ကနေ ကလေးဘက်ကို ချောင်းကနေ ဆင်းသွားပြီးမှ သူတို့နောက်ဆုတ် တာပေါ့လေ။ အယောက် ၅၀ အထက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းထားပါတယ်။ လက်နက်ကတော့ အများကြီးရရှိတယ်။ နောက်ပြီးတော့ တချို့ကတော့ တိုက်ပွဲကြောင့် အထက (၂) မှာ သေဆုံးသူတွေ လည်းရှိတယ်။ လမ်းမှာ သေဆုံးသူတွေလည်းရှိတယ်။ အားလုံးနီးပါး ကျွန်တော်တို့ လက်ထဲ ရောက်ပါတယ်” ဟု ဆလိုင်းတင်မီက ဆိုသည်။
ဖမ်းဆီးခံထားရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုင်ငံတကာ၊ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားပြီး ကျန်းမာရေးနှင့် စားဝတ်နေရေးများကိုလည်း ကောင်းမွန်စွာ ထားရှိကြောင်း သိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ တိုက်ပွဲဖော်ဆောင်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လက်ရှိတွင် ဖလမ်းမြို့၊ ခလရ-၂၆၈ တပ်ကုန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဖလမ်းမြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်နေသလို လေကြောင်းပစ်ကူမှုများပြုလုပ်နေကြောင်း သိရသည်။
ပုံစာ-ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ။
#ဖလမ်းမြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀၀ကျော် #ဖမ်းဆီး #စစ်မှုထမ်း #စုဆောင်းခံရသူများ #ပါဝင် #Ayeyarwaddy_Times