ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

ရာထူးအမျိုးမျိုးပိုင်ဆိုင်ထားသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာ ၆ လသက်တမ်းတိုးနှင့်အတူ ဝန်ကြီးရာထူး အပြောင်းအလဲများကိုပြုလုပ်လိုက်ပြီး အရေးပါသည့် ပြည်ထဲရေးဝန်ကြီးရာထူးကိုပါ လူစားထိုးခြင်းများပြုလုပ်၍ ဝန်ကြီးအချို့ကို ရာထူးမှအနားပေး လိုက်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ရွှေ့ပြောင်းခန့်အပ်လိုက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် နေရာ လဲလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီကထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်က ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ခြောက်လထပ်မံ၍ တိုးမြှင့်သတ်မှတ်ပြီးနောက် ဝန်ကြီးရာထူးများကိုပါ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်သည် ပြည်ထဲရေးဝန်ကြီးရာထူး နေရာကိုသာမကဘဲ ဒုတိယပြည်ထဲရေးဝန်ကြီးရာထူးကိုပါ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဒုဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်တိုးရီကိုပါ အခြားဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ဗိုလ်ချုပ်တိုးရီနေရာကို စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး အောက်မြန်မာပြည်မှ ကွပ်ကဲရေးမှူး ဖြစ်သူ ဗိုလ်ချုပ်အောင်ကျော်ကျော်ကို အစားထိုးခန့် အပ်လိုက်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ၎င်းအာဏာသိမ်းယူထားသည့် လေး နှစ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဖြစ်သူ ဒေါ်သက်သက်ခိုင်ကို ရာထူးနှစ်ကြိမ်ပြောင်းရွှေ့ပြီးနောက် ယခုတစ်ကြိမ်တွင် အပြီးတိုင် အနားပေးခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်သည် ဒေါ်သက်သက်ခိုင်နည်းတူ အလုပ်သမားဝန်ကြီး ဦး မြင့်နောင်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံတို့ကိုလည်း ရာထူးမှအနားပေးခဲ့ပြီး စစ်ကောင်စီ စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ အဖွဲ့ဝင်အချို့ကိုလည်း ရာထူးမှ ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်းတွင်ပင် စစ်တပ်၏ ရန်ကုန်တိုင်းမှူးရာထူးကို ပါ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း တိုင်းမှူး အဖြစ် ကမ်းရိုးတန်းတိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းကို အစားထိုးခန့်အပ်ကာ ရန်ကုန်တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းကို စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြှင့် ပေးလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ-Ministry of Hotels and Tourism
ပုံစာ- ဒေါ်သက်သက်ခိုင်ကို ရာထူးမှ အနားပေးခြင်းမခံရမီ စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးအဖြစ် ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အာဆီယံခရီးသွားလုပ်ငန်း ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲတွင် နောက်ဆုံးတွေ့ရစဉ်
#ပြည်ထဲရေးဝန်ကြီး #နယ်စပ်ရေးရာဝန်ကြီး #နေရာပြောင်းရွှေ့ခန့်အပ် #ဒေါ်သက်သက်ခိုင် #ရာထူးအနားပေး #Ayeyarwaddy_Times