ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကုလ်ကျေးရွာတွင် စစ်ဘေးရှောင်များ နေထိုင်သည့် စာသင်ကျောင်း ဗုံးကြဲခံရ၍ ကလေး လေးဦးအပါအဝင် ၁၁ ဦးထက်မနည်းသေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ငါးနာရီသုံးဆယ် မိနစ်ဝန်းကျင်တွင် ဂျက်ဖိုက်တာတစ်စီးနှင့် ကုက္ကုလ်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်သည့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ဗုံးကြဲတာက စာသင်ကျောင်းတည့်တည့်ဖြစ်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမူများတယ်။ အလောင်းတွေကလည်း တစ်စစီဖြစ်သွားတယ်။ ပွဲချင်းပြီး ကိုးဦးသေတယ်။ ဒဏ်အရာရတဲ့ထဲ အမျိုးသမီးတွေထပ်သေဆုံးတယ်။ စုစုပေါင်း ကလေး လေးဦးရယ်၊ အမျိုးသမီး ခုနှစ်ယောက်ရယ် သေတယ်။ အလောင်းတွေက အကုန်ရှာမရသေးဘူး” ဟု ကလေးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။သေဆုံးသည့် အလောင်းများကို ယနေ့မနက်ထိ ရှာဖွေမူများ ပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။

“အလောင်းတွေက ခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်တွေနဲ့ အစုံရှာလို့မတွေ့သေးဘူး။ ဒီနေ့မနက် လူတွေ ထပ်ရှာတယ်။ ကလေးအလောင်းတွေဆို ခန္ဓာကိုယ်တွေ မစုံတော့ဘူး။ ဒဏ်ရာရတဲ့လူနာတွေကိုလည်း ဆေးကုသပေးနေပါတယ်” ဟု ကလေးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ကလေးမြို့နယ်၊ တင်သားကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်းကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ညနေ ငါး နာရီ နှစ်ဆယ့်ငါးမိနစ်ဝန်းကျင်က ဂျက်ဖိုက်တာတစ်စီးနှင့် လေကြောင်း တိုက်ခိုက်ခဲ့သည့်အတွက် ဆေးခန်းပျက်စီးသွားခဲ့သည်။

“လူတွေက ချက်ချင်း ပုန်းခိုကျင်းထဲ ပြေးလိုက်လို့ ထိခိုက်သေဆုံးမှုတော့ မရှိဘူး။ ဒါပေမဲ့ ဆေးခန်းတော့ ပျက်စီးသွားပါတယ်” ဟု ကလေးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ယနေ့မနက်ထိ လေကြောင်း တိုက်ခိုက်သည့်နေရာတွင် လေယာဥ်များပျံသန်းနေသည့်အတွက် တင်သား၊ ကုက္ကိုလ်၊ အရှေ့စည်း၊ မြောက်စည်း၊ ရေရှင်၊ ရှားတော၊ ကြံသာနှင့် အခြားကျေးရွာများမှပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

#ကလေးမြို့နယ် #စစ်ဘေးရှောင်များနေထိုင်သည့် #စာသင်ကျောင်း #ဗုံးကြဲခံရ #အရပ်သား၁၁ဦးထက်မနည်းသေဆုံး #AyeyarwaddyTimes