ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

အမေရိကန်ပြည်ထောင်စုသမ္မတအပြောင်းအလဲတွင် Republican မှ ဒေါ်နယ်ထရမ့်သမ္မတ ဖြစ်လာပြီးနောက် မြန်မာနိုင်ငံကိုထောက်ပံ့နေသော အမေရိကန်၏အကူညီပေးရေး အစီအစဉ်များကို ရပ်ဆိုင်းလိုက်သဖြင့် နိုင်ငံရေးလှုပ်ရှားမှုများအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူညီများနှင့် ကဏ္ဍများစွာထိခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုအကူညီပေးရေးအစီစဉ်များတွင် ကဏ္ဍမျိုးစုံပါဝင်ကာ ပြည်သူ့ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ CDM ကျောင်းသားများကို အာဆီယံတက္ကသိုလ်များတွင် ကျောင်းတက် စေနိုင်သည့် Diversity and Inclusion Scholarship Program (DISP) ပညာသင်ဆု၊ ထိုင်း – မြန်မာနယ်စပ်ရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီများ စသည်ဖြင့်ရှိပြီး ယင်းတို့အားလုံး ရပ်ဆိုင်းခဲ့ရသဖြင့် ထိခိုက်သက်ရောက်မှုကြီးကြောင်း ပြည်တွင်းသုတေသနပညာရှင် အမျိုးသား တစ်ဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီနှင့် လူအခွင့်အရေးလှုပ်ရှားမှုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာကဏ္ဍများ တွင်လည်း ထိခိုက်မှုများရှိလာကြောင်းသိရသည်။

“အခုအခြေအနေက ခက်မယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေအားနည်းသွားနိုင်တယ်။ အရင်းအမြစ်တွေရှားပါး လာတော့ ထောက်ပံ့မှု ( grant) လုပွဲတွေပိုများလာမယ်။ Political tension (နိုင်ငံရေးတင်းမာမှု) နဲ့ disruption (ပုံမှန်လုပ်ငန်းစဉ်ပျက်ပြားမှု) များလာနိုင်တယ် ” ဟု ဒေသခံသုတေသနပညာရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိတွင် မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်‌ဘေးရှောင်စခန်းများမှ ဆေးရုံလုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရခြင်း၊ ငှက်ဖျားရောဂါ၊ ကာလသားရောဂါ HIV နှင့် TB ၊ ဆေးထောက်ပံ့မှု ရပ်ဆိုင်း ရခြင်းတို့ဖြစ်ပေါ်နေကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော NGO အဖွဲ့ တစ်ခုထံက သိရသည်။

” အမေရိကန်ရဲ့ထောက်ပံ့ငွေက မြန်မာမှာအကြီးဆုံးပဲ။ အဖွဲ့တွေအကုန်ထိတယ်။ ရပ်လိုက်တော့ လူနာတွေ အရင်ထိတာပဲ။ ဆေးခန်းတွေဖွင့်ရမှာလား။ ပိတ်ရမှာလားဖြစ်နေတယ်။ ဘတ်ဂျက် ရှိနေရင်တောင် ထပ်သုံးလို့ မရတော့ဘူး။ ဆေးရှိနေရင်တော့ သုံး၊ မသုံးအဖွဲ့အစည်းတွေ သဘောပဲ” ဟု NGO အဖွဲ့၏ အမျိုးသမီးဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့သို့ ထောက်ပံ့ငွေပေးမှုရရှိရာတွင် ဘဏ္ဍာနှစ်အလိုက်ရရှိခြင်းမဟုတ်ဘဲ တစ်လချင်းစီ ( သို့မဟုတ်) သုံးလ တစ်ဖြတ် ရရှိမှုများကြောင်းသိရသည်။

ဗြိတိန် ( UK) နှင့် ဥရောပသမဂ္ဂနိုင်ငံများ ( EU) က အကူအညီများ အစားထိုးဝင်ရောက်နိုင်ပါက မြန်မာနိုင်ငံအတွက် အနည်းငယ်ခံသာနိုင်မည်ဖြစ်ပြီး အမေရိကန် (US) အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်မှုအကူအညီများကို ပြန်လည်ပေးလာနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်၏ မေးမြန်းမှုအပေါ် သုံးသပ်ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန်၏ အကူအညီဆိုင်းငံ့မှုကြောင့် ဆိုင်းငံ့ကာလအတွင်း အခက်အခဲရှိနိုင်မည်ဖြစ်သော်လည်း ထိခိုက်နစ်နာ နေသော ဒုက္ခသည်များအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်သည့် ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမေရိကန်သမ္မတအသစ်အဖြစ် စတင်တာဝန်ယူ ပြီး တစ်ပြိုင်နက်တည်းတွင် အမေရိကန်ပြည်ထောင်စုက ပေးနေသည့် နိုင်ငံတကာ ကူညီထောက်ပံ့မှု အားလုံးနီးပါးကို ရက် ၉၀ ‌(သုံးလ) ထောက်ပံ့မှုရပ်ဆိုင်းထားရန် အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ထိခိုက်လွယ်ပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် လူသားချင်းစာနာမှုအကူအညီပေးအပ်မှု စုစုပေါင်း ပမာဏကို ဒေါ်လာ ၁၄၁ သန်းအထိရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး ထုတ်ပြန်ချက် အရသိရသည်။

ဓာတ်ပုံ – အမေရိကန်သံရုံး
#USAID #ရပ်ဆိုင်းမှု #လူသားချင်းစာနာထောက်ထားမှု #ကဏ္ဍပေါင်းစုံထိခိုက်နစ်နာ #Ayeyarwaddy_Times