ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သား ၅၁၄၀ ဦး သေဆုံးခဲ့ပြီး အသက်မပြည့်သေးသည့် ကလေးသူငယ်ပေါင်း ၄၃၆ ဦး ပါဝင်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် ထုတ်ပြန်သည်။

အရပ်သား သေဆုံးမှုအများစုမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုများ၊ ဖမ်းဆီးခံရစဉ် နှိပ်စက်သတ်ဖြတ်ခံရမှုများ၊ မီးရှို့သတ်ဖြတ်ခံရခြင်းများတို့ပါဝင်ပြီး စစ်ကိုင်းတိုင်းမှ သေဆုံးသူအများဆုံးဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေအိမ်ပေါင်း ၇၄၈၅၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ထက်ဝက်ခန့်မှာ ၂၀၂၂ ခုနှစ်တွင် မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကိုင်း တိုင်းနှင့် မကွေးတိုင်းမှ နေအိမ်အများဆုံး မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း နေအိမ်အဆောက်အအုံပေါင်း ၁၇၅၂ ခု ပျက်စီးခဲ့ရပြီး ‌‌‌‌‌၂၀၂၄ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ် ကြောင်း NLD ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူများကိုလည်း တရားဥပဒေပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီး အကျဉ်းချမှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသည့် ပြည်သူပေါင်း ၁၈၄၃၄ ဦး ရှိခဲ့ပြီး NLDပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး နှင့် ပါတီဝင် ၂၄၆၉ ဦးတို့ ပါဝင်ကြောင်း သိရသည်။

လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(HRDT-NLD) မှ ကောက်ယူထားသည့် စာရင်းများအရ အာဏာသိမ်း လေးနှစ်တာ ကာလအတွင်း အရပ်သား ၈၃၉ ဦး၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံခဲ့ရပြီး ၎င်းတို့ထဲတွင် NLD ပါတီဝင် ၄၅၅ ဦး အထိပါဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် NLD ပါတီကိုအဓိကထား ချေမှုန်းရန် ရည်ရွယ်ထားသည့် အလျောက် NLDရုံးများကိုလည်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး လေးနှစ်တာ ကာလအတွင်း ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံးအပြင် နိုင်ငံတဝန်းရှိ ရုံးများကို ဖျက်ဆီးမှု ပေါင်း ၁၆၇ ကြိမ်ခန့် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ထိုသို့ နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်နေသည်ကို နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် မျက်ကွယ်ပြုခြင်းမပြုလုပ်ပဲ ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှု ရရှိစေရေးကို ဆောင်ရွက်ပေးကြရန်လည်း NLD က တိုက်တွန်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အင်တာနက်
#မြန်မာ #စစ်အာဏာသိမ်း #လေးနှစ်ပြည့် #အရပ်သား #ထိခိုက်သေဆုံး #NLD #Ayeyarwaddy_Times