ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းများကို ငွေကြေးထောက်ပံ့ပေးရန်ဟုအကြောင်း၍ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

ဇန်နဝါရီလ ပထမပတ်မှစတင်ပြီး ကျိုက်လတ်မြို့နယ်အတွင်းရှိ သာယာဝဲကျေးရွာ၊ အလန်းတွတ်ကျေးရွာ၊ ကလက်ယက်ကျေးရွာနှင့် အခြားကျေးရွာအုပ်စုများမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဦးဆောင်ပြီး လောင်းကစားဝိုင်းများကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယင်းလောင်းကစားဝိုင်းများကို သာယာဝဲကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ အုပ်ချုပ်ရေးမှူးဟောင် ဦးသန်းထွန်း၊ လောင်းကစားသမားများဖြစ်သည့် ဦးသန်းနိုင်နှင့် အလန်းတွက်ရွာမှ ထွန်းထွန်းတို့က စုပေါင်း၍ ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“ပြည်သူ့စစ်မှုထမ်းတွေကို မက်လုံးပေးတဲ့အနေနဲ့ ငွေကြေးထောက်ပံ့နိုင်ဖို့အတွက်ဆိုပြီး အကြောင်းပြ လောင်းကစားဝိုင်းတွေကို စည်စည်ကားကားလုပ်နေတာ။ ဌာနဆိုင်ရာတွေကို ငွေပေးလုပ်နေတော့ ဖမ်းဆီးမည့်သူမရှိဖြစ်နေတယ်”ဟု ကျိုက်လတ်မြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် ၎င်းတို့က မြို့နယ်ဥက္ကဌ ဦးမင်းအောင်၊ မစဖ အဖွဲ့ဝင် ဗိုလ်မှူးသက်ဝေနိုင်၊ မြို့နယ်ရဲမှူး၊ စခန်းမှူး၊ ခရိုင်ဒနအဖွဲ့မှ တပ်ကြပ်ကြီး ဇော်မင်းထွန်းတို့ကို ငွေပေးပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးခြင်း မပြုလုပ်ဟု ဒေသခံများကပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများတွင် လေးကောင်ဂျင်၊ ခြောက်ကောင်၊ အန်ဂလုံ၊ ကြက်ဝိုင်း၊ ဖဲဝိုင်း စသည့်အပြင် အခြားလောင်းကစားဝိုင်းများပါဝင်ပြီး တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပြုလုပ်ကြကြောင်း ဒေသခံများကပြောဆိုသည်။

အလားတူ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာတွင်လည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် တိုက်နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်း ငှားရမ်းရန်အတွက်ဟုဆိုကာ လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

#ကျိုက်လတ် #ပြည်သူ့စစ်မှုထမ်း #ထောက်ပံ့ရန် #စစ်ကောင်စီ #လောင်းကစားဝိုင်းပြုလုပ်
#Ayeyarwaddy_Times