
စစ်မှုထမ်းရန်အမျိုးသမီးစာရင်း ကောက်ခံခြင်းမရှိဟု ငြင်းဆိုနေသော်လည်း တရားဝင်ထုတ်ပြန်ခြင်းမရှိ
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့ ပူးပေါင်း၍ စစ်မှုထမ်းရန်အတွက် အလုပ်သမားစာရင်းကို စက်ရုံများတွင် တောင်းယူနေပြီး ပြည်ပထွက်ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ထံက သိရသည်။
စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက် မရှုမလှ စစ်ရှုံးလာသဖြင့် ၎င်းတပ်အင်အား ပြုန်းတီးလာမှုကို ဖြည့်တင်းရန် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး အရွယ်ရောက် လူငယ်များကို အတင်းအဓမ္မ စုဆောင်း၍ စစ်မှုထမ်းခိုင်းရာမှ နည်းဥပဒေ ထွက်လာသည့်အခါ ယခင်ထက် ပိုမိုဆိုးရွားလာကြောင်း သိရသည်။
“အခုစစ်ကောင်စီတင် မဟုတ်တော့ဘူး။ UMFCCI ကပါ အလုပ်သမား ဝန်ကြီးဌာနနဲ့ တွဲပြီးတော့ စက်ရုံတွေမှာ စစ်မှုထမ်းဖို့အတွက် ပါဝင်တဲ့ အသက်အရွယ်ရှိတဲ့ လူငယ်တွေရဲ့ စာရင်းတွေကို တောင်းခံနေတယ်” ဟု CTUM ဗဟိုကော်မတီဝင် ကိုမင်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလုပ်သမား လူငယ်များမှာ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အခက်ကြုံနေချိန်တွင် ထပ်မံထွက်ပေါ်လာသည့် နည်းဥပဒေက ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သွားလုပ်ရန် အေဂျင်စီများနှင့် ချိတ်ဆက်စီစဉ် လုပ်ကိုင်နေသော လူငယ်များကို ထွက်ခွာခွင့်မပြုတော့သဖြင့် ရင်းနှီးထားသည့် ကုန်ကျစရိတ်များ ဆုံးရှုံးနေကြောင်း သိရသည်။
“အေဂျင်စီတွေကလည်း သူတို့လုပ်တာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ ပေါ်လစီဖြစ်တဲ့အတွက် ဘာမှမတတ်နိုင်ဘူး။ လူငယ်တွေမှာ တော်တော်ဒုက္ခရောက်နေရတယ်။ တချို့ကလည်း အောက်လမ်းကနေ ခိုးပြီးဝင်တယ်။ ထိုင်းဘက်ခြမ်းမှာ ဖမ်းဆီးခံရတာ နေ့စဉ်လိုလို တွေ့နေရတယ်” ဟု ကိုမင်းလတ်က ဆက်လက်ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေ ထုတ်ပြန်လိုက်ပြီးနောက် ပြည်တွင်းတွင် လုပ်သားအင်အား သိသိသာသာ လျော့ကျလာကာ ယင်းဥပဒေနှင့် အကျုံးဝင် အသက်အရွယ် ပြည့်မီပါဝင်သည့် အလုပ်သမားများသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ခွာတိမ်းရှောင်မှုများ တစ်နေ့တခြား များပြားလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေ၊ နည်းဥပဒေတို့အရ တာဝန်ထမ်းဆောင်နေဆဲ စစ်သားနှင့် ရဲမှအပ Non CDM များပါမကျန် နိုင်ငံသားတိုင်း မဖြစ်မနေ အနည်းဆုံး ၂ နှစ်မှ အများဆုံး ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကာ အကြောင်းအမျိုးမျိုးပြ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် ၎င်းတို့နှင့် အာဏာသိမ်းကတည်းက ပူးပေါင်းလုပ်ဆောင်နေသည့် ယခင်သမဂ္ဂအဖွဲ့များတွင် ပါဝင်ဖူးသူများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သွားရောက်တွေ့ဆုံ၍ ILO ၏ အာတီကယ် ၃၃ ကို ရှောင်တိမ်းနိုင်ရန်အတွက် အတုအယောင် အလုပ်သမား အဖွဲ့အစည်းများကို ကြိုတင်ပြင်ဆင် ဖွဲ့စည်းခိုင်းနေကြောင်း အလုပ်သမားသမဂ္ဂများထံက သိရသည်။
မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် အကျုံးဝင်သူ အရေအတွက်မှာ အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိသည်ဟု စစ်ကောင်စီက ဆိုထားပြီး လက်ရှိတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉)အထိ ဖွင့်လှစ်၍ ရှေ့တန်းပို့ဆောင်နေသလို ဒေသတချို့၌ အမျိုးသမီးစာရင်းများကိုပါ ကောက်ယူနေကြောင်း သိရသည်။
ယင်းကဲ့သို့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်း၍ ရှေ့တန်းပို့သောအခါ လူငယ်များသည် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ (EROs)နှင့် တော်လှန်ရေး အင်အားစုများထံသို့ ထွက်ပြေးခိုလှုံကြရာတွင် စက်ရုံ၊ အလုပ်ရုံအသီးသီးမှ အလုပ်သမားများလည်း ပါဝင်နေကြောင်း သိရသည်။
စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် ပြည်ပထွက်ခွာမည့် အလုပ်သမား၊ ကျောင်းသားများကို တားဆီးပိတ်ပင်မှုများ ပြုလုပ်ခြင်းမရှိဘဲ သက်ဆိုင်ရာနှင့် တွေ့ဆုံဆွေးနွေး၍ စိစစ်ခွင့်ပြုပေးနေသလို အမျိုးသမီးများကိုလည်း လက်တလော၌ စစ်မှုထမ်းရန် စာရင်းကောက်ခံ၊ ခေါ်ယူခြင်းမရှိကြောင်း တုံ့ပြန်ငြင်းဆိုထားသည်။
စစ်ကောင်စီ အမျိုးသမီးများကိုလည်း လက်တလော၌ စစ်မှုထမ်းရန် စာရင်းကောက်ခံ၊ ခေါ်ယူခြင်းမရှိကြောင်း ငြင်းဆိုနေသော်လည်း စစ်မှုထမ်းရန်အမျိုးသမီးစာရင်း ကောက်ခံခြင်းမရှိဟု တရားဝင်ထုတ်ပြန်ပြောကြားခြင်း မရှိပေ။
ဓာတ်ပုံ-အင်တာနက်
#စစ်ကောင်စီ #UMFCCI #စစ်မှုထမ်းရန် #အလုပ်သမားစာရင်းတောင်းယူ #ပြည်ပထွက်ခွင့်ပိတ်ပင် #Ayeyarwaddy_Times