ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

လျှပ်စစ်မီးပြတ်တောက်နေသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်း အပါအဝင်လုပ်ငန်း ၁၃ ခုကို စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ကကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက်တွင် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက ခွင့်ပြုလိုက်သည့် လုပ်ငန်း ၁၃ ခုတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ် ဝန်ဆောင်မှု လုပ်ငန်းနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍမှ ပြည်ပရင်းနှီး မြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၃ ခုရှိကြောင်းသည်။

လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများ ထပ်မံခွင့်ပြုလိုက်သော်လည်း လက်ရှိတွင် Shwe Daehan Motors မှ ထုတ်လုပ်ပေးသော Hyundai Accent and Creta (2024 SKD) EV များထုတ်လုပ်နေပြီး ဈေးကွက်အတွင်းကျယ်ပြန့်စွာ ရောင်းချနိုင်ခြင်းမရှိ သေးကြောင်း စုံစမ်းသိရသည်။

ထို့ပြင် ပြည်တွင်း၌လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် EV ကားများကို ဘတ္ထရီအားပြန်သွင်းရာတွင် အခက်အခဲများရှိနေကြောင်း EV ကားစီးသူများထံက သိရသည်။

မင်းသမီးဝတ်မှုံ ရွှေရည်၏ အမျိုးသား နိုင်ဖြိုးကျော်ပိုင်ဆိုင်သော N.P.K Motor နှင့် တရုတ်နိုင်ငံမှ EV ကားထုတ်လုပ် ရေးကုမ္ပဏီ Leapmotor Motor တို့ ပူးပေါင်းပြီး ပြည်တွင်းတွင် Leapmotor SKD EV ကား ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။

SKD စနစ်သည် ပြည်ပမှ မော်တော်ကားတစ်စီးလုံး၏ အစိတ်အပိုင်းများကိုတင်သွင်းပြီး ပြည်တွင်းမှတပ်ဆင်ထုတ်လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှု အတွက် အခွန်ကင်းလွတ်ခွင့်ပြုပြီး လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် Spare Parts များ တင်သွင်းမှု အတွက် အကောက်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်ကောက်ယူကြောင်း စစ်ကောင်စီ၏ အကောက်ခွန် ဦးစီးဌာနထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှု #FDIခွင့်ပြု #စစ်ကောင်စီ #EV #SKD #Ayeyarwaddy_Times