
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
အမေရိကန်အစိုးရသစ်၏ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာကို ပေးအပ်နေသည့် အကူအညီ များအား ရက် ၉၀ ဆိုင်းငံ့လိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ထိခိုက်နစ်နာနေသော ဒုက္ခသည်များအတွက် နည်းလမ်းရှာဖွေ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရသည်။
ထိုဆိုင်းငံ့ကာလကြောင့် အခက်အခဲများစွာ ကြုံတွေ့ရှိနေပြီး လက်ရှိတွင် နယ်စပ်ဒေသရှိ ဒုက္ခသည်များအပေါ် သက် ရောက်မှုများ ရှိနေကြောင်း NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သည့် ယင်းဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ သတင်း မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
“ဆိုင်းငံ့ကာလမှာ ကျွန်မတို့ အခက်အခဲတော့ ရှိပါတယ်။ လက်တွေ့ကို နယ်စပ်က ပြည်သူလူထု ဒုက္ခသည်တွေအတွက် သက်ရောက်မှု ရှိနေတယ်။ ဆိုတော့ အဲဒါတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့ထဲက လူသားစာနာတို့၊ ကျန်းမာတို့ ဒီဝန်ကြီး ဌာနတွေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်မလဲ စတာတွေကို နည်းလမ်းရှာဖွေပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ယင်းအပြင် အမေရိကန်အစိုးရ၏ ဆိုင်းငံ့ကာလ ရက် ၉၀ ကျော်လွန်သွားပါက မြန်မာ့အရေးအတွက် အကူအညီအထောက်အပံ့များ ဆက်လက်ရရှိစေရန်နှင့် မဖြတ်တောက်စေရန် NUG အစိုးရအနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ ဖြေကြားချက်များ အရ သိရသည်။
အလားတူ NUG အစိုးရ၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးကလည်း အမေရိကန် သမ္မတ၏ လုပ်ပိုင်ခွင့်အရ ညွှန်ကြားချက်များ ထုတ်ပြန်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် ပြင်ဆင်မှုများ ရှိနေသလို အကူအညီတချို့ ဆက်ပေးရန် ခွင့်ပြုခြင်းများရှိကြောင်း သတင်းမီဒီယာများကို ပြောကြားသည်။
“ဒါနဲ့တွေနဲ့ ပတ်သက်လို့ တောင်းဆိုနေတာတွေလည်း ရှိတယ်။ အခုလောလောဆယ် အခြေအနေက နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်တယ်။ သို့သော်လည်းပဲ ပြန်လည်ပြင်ဆင် ညွှန်ကြားတဲ့ အချက်တွေအရ တချို့အကူအညီတွေ ပြန်ပြီးတော့ ရရှိနိုင်မယ် ဆိုတာကိုတော့ သိရပါတယ်” ဟု NUG ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဆိုသည်။
ထိုကဲ့သို့ အမေရိကန်အစိုးရက အကူအညီများ ဆိုင်းငံ့လိုက်သည့်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်း ကိုးခုတွင် ကျန်းမာရေး၊ ပညာရေးနှင့် စသည့်ကဏ္ဍများ ထိခိုက်နစ်နာခဲ့ရပြီး အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အမေရိကန် ကျောထောက်နောက်ခံပြု အဖွဲ့အစည်း များလည်း ယိမ်းယိုင်ရပ်ဆိုင်းသွားကြောင်း သိရသည်။
ပုံစာ-အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်
#အမေရိကန် #အကူအညီဆိုင်းငံ့ #ထိခိုက်နစ်နာ #ဒုက္ခသည်များ #နည်းလမ်းရှာဖွေ #NUG #Ayeyarwaddy_Times