
ဧရာဝတီတိုင်းမ်
(ကလေး)၊ ဇန်နဝါရီ ၃၁ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးအကျဉ်းထောင်တွင် အကျဉ်းဦးစီးဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။
ကလေးအကျဉ်းထောင်တာဝန်ခံအရာရှိများ ဖြစ်ကြသည့် ထောင်ပိုင်အောင်မိုးဟိန်း နှင့် ထောင်လုံခြုံရေးတာဝန်ခံ ထောင်မှူးဟန်ဝင်းအောင်တို့မှာ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ကလေးထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးမှာ ထောင်ဝင်စာဧည့်တွေ့ ပြန်လာပြီးနောက် ထောင်ပိုင်အောင်မိုးဟိန်းမှ ဖုန်းဆက်ကာ ၎င်းနှင့်အတူနေရန်ချိန်းဆိုပြီး သူမ၏အမျိုးသားကို လျော့ရက်များရရှိရန်ပြုလုပ်ပေးနိုင်ကြောင်း ပြောဆိုကာ လိင်ပိုင်းဆိုင်ရာ ပြောဆိုနှောင့်ယှက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ထောင်ပိုင်တင်မဟုတ်ဘူး အထဲမှာတာဝန်ကျ နေတဲ့ ထောင်ဝန်ထမ်းတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ မိသားစုရှိတဲ့သူတွေဆိုရင် အမျိုးသမီးတွေရှိတယ်ဆိုလို့ရှိရင် ဖုန်း တွေဆက်တယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတင်မကဘူး ငွေလိမ် တောင်းတာမျိုး တွေပါသူတို့ ထောင်က ပေါ်ပေါ်တင်တင်ကျူးလွန် နေတာ ဖြစ်ပါတယ်” ဟု PPNM အဖွဲ့အစည်းမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့နှောင့်ယှက် ပြောဆိုခံရသည့် အမျိုးသမီးသည် ကလေးအကျဉ်းထောင်ရှိ အခြားနိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို သတိပေးပြောဆိုရာမှ ၎င်းတို့မှာလည်း အဆိုပါဖြစ်စဉ်ကဲ့သို့ ဆက်သွယ်ပြောဆိုမှုများရှိကြောင်းကို သိရှိခဲ့ရသည်ဟု PPNM ထံကသိရသည်။
ကလေးအကျဉ်းထောင်တွင် အရာရှိများအပြင် ထောင်ဝန်ထမ်းများကပါ နိုင်ကျဉ်းမိသားစုဝင်များကို လိမ်လည်ပြောဆို ဆက်သွယ်ကာ ခရီးစရိတ်တောင်းခံခြင်း၊ ဖုန်း၊ နာရီ စသည့်အသုံးအဆောင်ပစ္စည်းများ ဝယ်ပေးခိုင်းခြင်းများလည်း ပြုလုပ်မှုများ ရှိနေကြောင်းသိရသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် စစ်ကောင်စီက အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း ဖမ်းဆီးအကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ၂၁၇၂၂ ဦးအထိရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(AAPP) ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ကလေးထောင် #စစ်ကောင်စီ #အကျဉ်းဦးစီးဝန်ထမ်း #လိင်ပိုင်းဆိုင်ရာနှောင့်ယှက် #လိမ်လည်ဆက်သွယ် #နိုင်ကျဉ်းမိသားစုဝ#Ayeyarwaddy_Timei