
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
မြန်မာစစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ စင်ကာပူအခြေစိုက် ရေနံကုမ္ပဏီ Interra Resources က ပါဝင်ကျူးလွန်နေတယ်လို့ မြန်မာ တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုက စွပ်စွဲလိုက်ပါတယ်။
စွမ်းအင်ကုမ္ပဏီ Goldpetrol မှာ Interra Resources ရဲ့ အဓိက အစုရှယ်ယာတွေဟာ မြန်မာစစ် ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ကျူးလွန်နေကြောင်း၊ Goldpetrol ဟာ စစ်ကောင်စီ အကျိုးဖြစ် စေတဲ့ စည်ပေါင်းသန်းချီတဲ့ ရေနံတွေ ထုတ်လုပ်ပြီး ရောင်းချနေတယ်လို့ Justice for Myanmar (JFM) က ပြောပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း Interra Resources ဟာ မြန်မာစစ်ကောင်စီကို ရေနံ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖိုး ထောက်ပံ့ပြီး အရပ်သားတွေပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို ပါဝင်ကျူး လွန်ခဲ့တယ်လို့ JFM က ဆိုပါတယ်။
“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး တာဝန်တွေနဲ့ကိုက်ညီအောင် Interra Resources က အ ရေးယူရပါမယ်။ အရေးယူမှုထဲမှာ မြန်မာစစ်ကောင်စီထံ ရေနံစိမ်းတွေ ထောက်ပံ့တာ ရပ်ဆိုင်းဖို့ ပါဝင်ပါ တယ်။ Interra Resources က အရေးယူရာမှာ တာဝန်အရှိဆုံးနည်းလမ်းနဲ့ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်” လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
Goldpetrol ရဲ့ ရေနံထုတ်လုပ်မှုအားလုံးဟာ နိုင်ငံပိုင် မြန်မာ့ရေနံနှင့်ဓာတ်ငွေလုပ်ငန်း (MOGE) ထံ ရောက်ရှိသွားပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေနံစည် ၂ ဒသမ ၃ သန်းကျော်ရှိတယ်လို့ Interra Resources ရဲ့ နှစ်စဉ်အစီရင်ခံစာတွေ၊ Goldpetrol ရဲ့ ပေါက်ကြားလာတဲ့ ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက် တွေက ဖော်ပြနေတယ်လို့ JFM က ပြောပါတယ်။
“Interra Resources က ရေနံစိမ်းတွေ ထောက်ပံ့ပြီး မြန်မာစစ်ကောင်စီရဲ့ နိုင်ငံတကာ ရာဇဝတ် မှုတွေမှာ ပါဝင်ကျူးလွန်နေပါတယ်။ ဒီရေနံစိမ်းတွေကြောင့် မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပစ် မှတ်ထားတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ပြီး စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန် သော ရာဇဝတ်မှုတွေ ကျူးလွန်ရာရောက်ပါတယ်” လို့ မရတနာမောင်က ဆိုပါတယ်။
“စစ်ကောင်စီဘဏ်တွေနဲ့ လေယာဉ်ဆီထောက်ပံ့မှုလမ်းကြောင်းကို ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ အကျိုး သက်ရောက်မှုကြောင့် ပြည်တွင်း လောင်စာဆီထုတ်လုပ်မှုဟာ စစ်ကောင်စီအတွက် အထူး အရေးကြီးပါ တယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာလုပ်ငန်းခွဲကို ရပ်ဆိုင်းတာ သို့မဟုတ် Goldpetrol ရှိ အစုရှယ်ယာတွေ ရောင်းချရေး စဉ်း စားဖို့ JFM က Interra Resources ကို တိုက်တွန်းခဲ့ပြီး Interra Resources က စည်းမျဉ်းတွေ ချိုးဖောက် မှု ရှိ မရှိ စင်ကာပူစတော့အိတ်ချိန်းက စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောပါတယ်။
ကိုးကား – VOA
Ref; Singapore oil firm urged to quit war-torn Myanmar
#Ayeyarwaddy_Times