ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ကော့ဖငန်ရှိ မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Koh Phangan International Church တွင် မြန်မာ ဆရာ၊ ဆရာမ လေး ဦး နှင့် အသက် ၃ နှစ်မှ ၁၂ နှစ်ကြားရှိ ရွှေ့ပြောင်းမြန်မာ ကလေးငယ် ၁၉၀ ကျော် စာသင်ကြား နေခြင်းဖြစ်ကြောင်း သိရသည်။

ခွင့်ပြုချက်မရှိဘဲ တရားဝင်ကျောင်း တည်ထောင်ခြင်း၊ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း စသည့် အကြောင်းအရာများဖြင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များက ‌ဆရာ၊ ဆရာမ လေး ဦးကို ဖမ်းဆီးကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် ဆရာ၊ ဆရာမ လေး ဦးမှာ ဒေါ်အေးမြသူဇာ၊ ဦးရန်နိုင်စိုး၊ ဒေါ်မြမြဝင်း၊ ဦးချစ်ဖြိုးနောင်တို့ ဖြစ်ကြောင်းလည်း သိရသည်။

စာသင်ကြားနေကြသည့် မြန်မာကလေးငယ်များ၏ မိဘများမှာ ကော့ဖငန်ရှိ ရွှေ့ပြောင်း အလုပ်သမား များဖြစ်ကြပြီး အလုပ်ချိန်အတွင်း သားသမီးများကို စောင့်ရှောက်ရန် အချိန်မရှိသည့်အတွက် စာသင် ကြားရန် လာရောက် ကျောင်းထားကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် တရားမဝင် နေ့ကလေးထိန်းကျောင်းတွင် သက်သေအထောက်အထားအဖြစ် အင်္ဂလိပ်-မြန်မာ ဘာသာဖြင့် ဖတ်စာအုပ် ၃၁ အုပ်ကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများနတွင် ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ကျောင်းပိုင်ရှင်ကို ဆက်လက်ရှာဖွလျက်ရှိပြီး ကျောင်းတက်ခဲ့သည့် မြန်မာကလေးငယ်များ၏ မိဘများကိုပါ အလုပ်လုပ်ခွင့် အထောက်အထားရှိ /မရှိ ဆက်လက်စစ် ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုးကား – Bangkok Post
#မြန်မာကလေးငယ်၁၉၀ကျော် #Ayeyarwaddy_Times