ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများသည် မြို့ထဲသို့ပြန်ဝင်
ရောက်လာသူများပြားနေကြောင်း ဒေသခံများထံက သိရှိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများသည် ယခုကဲ့သို့ မြို့ထဲ ပြန်ဝင်ရောက်လာခြင်းဖြစ်သည်။

“မြို့ထဲမှာ တိုက်ပွဲလည်းမရှိသေးတော့ ပြန်လာကြတာပါ။ စစ်ဘေးရှောင်တဲ့နေရာမှာလည်း စားဝတ်နေရေးက မလွယ်ဘူးလေ။ ပြီးတော့ ကလေးတွေ ကျောင်းပညာလည်းရှိသေးတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှစ၍ တီးတိန်ဒေသခံပြည်သူများသည် ချင်းကာကွယ်ရေးတပ်များ၏ မြို့သိမ်းတိုက်ပွဲပြုလုပ်မည်ဆိုသည့် သတင်းကြောင့် ပစ္စည်းပြောင်းရွှေ့ခြင်း၊ တိမ်းရှောင်ခြင်းများပြုလုပ်ခဲ့ကြသည်။

ယခုအခါ သက်ကြီးရွယ်အိုများမှလွဲ၍ ဒေသခံပြည်သူများသည် မြို့ထဲပြန်ဝင်လာကြပြီး ကျောင်းများလည်း ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေကြောင်း သိရှိရသည်။

“ကလေးတွေက စာမေးပွဲနီးပြီဖြစ်တဲ့အတွက် ပြန်လာကြပြီး ပုံမှန်အတိုင်း ကျောင်းတက်နေကြပါပြီ။ အသက်ကြီးတဲ့အဘိုးဘွားတွေက ပြန်မလာသေးဘူးပေါ့နော်။ လောဆယ်မြို့ထဲမှာ ပုံမှန်အခြေနေလို့ ပြောရတယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်နှင့် ဒုတိယအပတ်က ပြည်သူ့ကာကွယ်ရေးတပ်(တီးတိန်) နှင့် တီးတိန်ကောင်စီတို့က မဟာမိတ်တပ်များနှင့်အတူ တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်
မည်ဟု ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်သည် မြို့နှင့် အနီးအနားကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

#မြို့သိမ်းတိုက်ပွဲ #ထွက်ပြေးတိမ်းရှောင် #တီးတိန်ဒေသခံ #မြို့သို့ပြန်ဝင်ရောက်လာ #AyeyarwaddyTimes