ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်၊

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်လာသည့် အမျိုးသားလူငယ် နှစ်ဦးဖမ်းဆီးခံရပြီး စစ်သင်တန်း ပို့ဆောင်ခံရကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံက သိရှိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် အသက် ၂၇ နှစ်အရွယ်နှင့် ၂၅ နှစ်အရွယ်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရန်ကုန်မြို့သို့ ထွက်ပြေးလာခြင်းဖြစ်သည်။

ဇန်နဝါရီလ ဒုတိယအပတ်တွင် ရွှေဘိုမြို့သို့ နာရေးကိစ္စသွားသည့် အသက် ၂၇ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးသည် ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မှတ်ပုံတင်စစ်ဆေးစဥ် ဖမ်းဆီးခံရကာ စစ်သင်တန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

“နာရေးရှိလို့ ရွှေဘို သွားကြတာပါ။ ရွှေဘိုအရောက် စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်စစ်ရင်းအဖမ်းခံရတာပါ။ အဖမ်းခံရတုန်းက ငွေသိန်း ၅၀ နဲ့ ရွေးခိုင်းတယ်။ နောက်တော့ ဘုန်းကြီးတွေ ညှိနှိုင်းမူနဲ့ ငွေ ၁၅ သိန်းနဲ့ ရွေးဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ အကြောင်းမကြားပဲ မနက်ကျတော့ စစ်သားတွေက စစ်သင်တန်းတက်ဖို့ တောင်ကြီးပို့လိုက်တယ်” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ရန်ကုန်မြို့တွင် ပန်ရံအလုပ်လုပ်ကိုင်သည့် အသက် ၂၅ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကလည်း ဇန်နဝါရီလ တတိယအပတ်တွင် မှော်ဘီမြို့ ရုပ်ရှင်ရုံအနီးရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံခဲ့ရသည်။

“သူနေတဲ့ နေရာနဲ့ အလုပ်ကိုသွားရင် စစ်တပ်ဂိတ် ဖြတ်ရတယ်။ အလုပ်က မနက် ၉ နာရီ ည ၈ နာရီပေါ့။ မနက် အလုပ်သွားတဲ့အချိန် ဘာမှမဖြစ်ပေမဲ့ ညဘက် အလုပ်ပြန်တဲ့အချိန်မှာ ဖမ်းခံရတာပါ။ အဖမ်းခံရတဲ့ည အဆက်သွယ်မရဘူး။ မနက်ကျမှ အဆက်သွယ်ရတယ်။ စစ်သင်တန်း သုံးလ တက်ရမယ်။သင်တန်းဆင်းရင် နောက်တန်းမှာ ထမင်းချက်ခိုင်းမယ်။ စစ်မတိုက်ခိုင်းဘူး။ လစာတွေရမယ်။ သုံးနှစ်ပြည့်ရင် စစ်တပ်က ထွက်လို့ရတယ်ပြောတယ်” ဟု မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ စစ်ဘေးရှောင်များကို စစ်မှုထမ်းရန် ဖမ်းဆီးမှုများကြောင့် စစ်ဘေးရှောင်များ စိုးရိမ်နေကြကြောင်း သိရသည်။

#ပလက်ဝ #စစ်ဘေးရှောင် #အမျိုးသား ၂ ဦးကို #ဖမ်းဆီး#စစ်သင်တန်းပို့#AyeyarwaddyTimes