
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
စစ်ရှုံးစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ခြောက်လတစ်ကြိမ် အာဏာသက်တမ်း တိုးယူနေမှုကို လာမည့် ဖေဖော်ဝါရီတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)သို့ ပြန်လည်အပ်နှံ၍ ရွေးကောက်ပွဲကျင်းပရန် ကြိုးစ စစ်ကောင်စီနှင့် နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကို အကြောင်းပြ၍ မတရားသဖြင့် အာဏာသိမ်းယူခဲ့သည့် စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကောင်စီသည် ၎င်းတို့၏ အာဏာသက်တမ်းအား အကြောင်းအမျိုးမျိူးပြကာ ခြောက်လတစ်ကြိမ် တိုးယူခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက ဆိုသည်။
“နစကအနေနဲ့ ပြန်အပ်ပြီး ဝန်ကြီးချုပ်အဖြစ် သူကျန်ခဲ့မယ်။ ဝန်ကြီးချုပ်အနေနဲ့ တိုင်းပြည်ရဲ့ စီမံခန့်ခွဲမှုတွေ လုပ်ပြီးတော့ ကာလုံကမှတဆင့် နောက်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲ လုပ်ဖို့အတွက် တာဝန်ပေးလိမ့်မယ်လို့ ကျွန်တော်မြင်တယ်” ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ပြိုင်မည့် ဒီမိုကရက်တစ်
ပါတီ ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် သမ္မတ ဖမ်းဆီးခံရ၊ ဒုသမ္မတနှစ်ဦး ကျန်းမာရေးကြောင့် တာဝန်ရပ်နားခဲ့သဖြင့် လက်ရှိကာလုံတွင် ယာယီသမ္မတအဖြစ် သတ်မှတ်တိုးယူထားသော ကာချုပ်ဖြစ်သူ စစ်ခေါင်းဆောင်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့သာ အမြင့်ဆုံးကျန်ရှိတော့ကာ လူမစုံတော့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်အနေဖြင့် ယခု ၂၀၂၅ ခုနှစ် ဘတ်ဂျက်ကုန်ဆုံးမည့် မတ် ၃၁ ရက်မှစတင်၍ ကာလုံမှတဆင့် ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပရန် ထုတ်ပြန်ကာ ယင်းနေ့၌ပင် ရွေးကောက်ပွဲ ဥပဒေသုံးရပ်ကိုပါ ပြဌာန်းအတည်ပြုနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။
“ယခုနှစ်၊ မတ် ၃၁ ရက်အထိကတော့ နစက(စစ်ကောင်စီ)ဟာ ဘတ်ဂျက် date အရ သွားနိုင်ပြီး အဲဒီနောက် ကာလုံကနေ ရွေးကောက်ပွဲ ရောင်ခြည်သန်းလာနိုင်တယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သည့် ၎င်းက ဧရာဝတီတိုင်းမ်ကို ခန့်မှန်းပြောဆိုသည်။
ယင်းအပြင် ကာလုံအနေဖြင့် ပြည်တွင်းရေး အခြေအနေများကြောင့် ရွေးကောက်ပွဲကို တစ်ကြိမ်တည်းဖြင့် ပြီးပြည့်စုံအောင် မပြုလုပ်နိုင်လျှင် နှစ်ကြိမ်ခွဲ၍ ကျင်းပနိုင်ရန် သက်တမ်းအား ဧပြီ ၁ ရက်မှစ၍ ခြောက်လနှစ်ကြိမ် လာမည့် ၂၀၂၆ ခုနှစ်၊ မတ်အထိ တိုးယူသွားနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများ ရှိသည်။
လက်ရှိ စစ်ခေါင်းဆောင် သွားနေသည့် ပုံစံအနေအထားသည် ယခင်အရပ်သား အစိုးရအမည်ခံ ဦးသိန်းစိန်ခေတ် လမ်းကြောင်းမျိုးနှင့် တူညီနေပြီး ထိုကာလက အစိုးရအပြောင်းအလဲကို မတ် ၃၁ ရက်၌ ပြုလုပ်ခဲ့ရာ ယခုလည်း ရွေးကောက်ပွဲအား နှစ်ကြိမ်ခွဲ၍ ပြုလုပ်၍ ယင်းကဲ့သို့ သွားနိုင်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် လေးနှစ်ပြည့်ပြီဖြစ်ပြီး ယင်းကာလအတွင်း ခုခံတော်လှန်မှုများကြောင့် တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် မြို့၊ မြို့နယ်နှင့် တပ်စခန်းပေါင်းများစွာကို လက်လွှတ်လိုက်ရသလို စစ်ရှိန်မြှင့်လာမှုကိုလည်း ရင်ဆိုင်နေရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ကာလုံ #အာဏာပြန်အပ် #ရွေးကောက်ပွဲ #နိုင်ငံရေးပါတီ #ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ #ဒေါက်တာအေးမောင် #ဒီမိုကရက်တစ်
ပါတီဒုဥက္ကဋ္ဌဦးတင့်ဆွေ #AyeyarwaddyTimes