စစ်အာဏာသိမ်းပြီးနောက် အောက်ခြေ စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်တွေ စားဝတ်နေရေးပိုမိုကျပ်တည်းလာလို့ မတရားသဖြင့်ငွေရှာတာတွေပိုများလာ

ညိမ်းသော်/ဧရာဝတီတိုင်းမ်

သြဂုတ် ၂၂ ရက်

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ် လက် အောက်ခံ တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုဝင်တွေ စားဝတ်နေရေးပိုမိုကျပ်တည်းလာတယ်လို့

တပ်မိသားစုဝင်တွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ အခြေခံစားကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာမှု၊ စက်သုံးဆီစျေးကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေဟာ

သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ရိုက်ထိခိုက်မှုဖြစ်နေတာလို့ မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်မိသားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

” ရတဲ့လစာက ၁သိန်း ၈သောင်းကျော်လောက် ဘဏ်စုငွေ၊အသက်အာမခံ၊ ဦးပိုင်ဖြတ်လိုက်တာက ၃သောင်းလောက်ပါသွားတယ်။ ရိက္ခာဆန်ကလည်းစားလို့ဖြစ်တာမဟုတ်ဘူး၊

ပြန်လဲပြီးစားရတာ။ ရိက္ခာစိုငွေက တရက်မှ ၇၅၀ တလလုံးမှ ၂သောင်းလောက်ရတာ။ အရင်ကနည်းနည်းတော်သေးတယ်။ ဒီနိုင်ငံရေးတွေဖြစ်ပြီးမှပိုဆိုးလာတာပေါ့။ ခုက စားအုန်းဆီ ၁

ပိသာ ၁၂၀၀၀ လောက်ပေးဝယ်နေရတာ၊ ရက္ခာစိုငွေက တလဆီဖိုးလောက်ဘဲရှိတယ်။ စားဝတ်နေရေးကတော့ ပိုပိုကျပ်တည်းလာတယ် ”လို့ လုံခြုံရေးအရတပ် အမည်မဖော်လိုတဲ့

မကွေးတိုင်းအတွင်းက ကပစတပ်စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ကြီး ၁ ဦးရဲ့ဇနီးက ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းတွေရဲ့အကြီးတန်းတပ်အရာရှိတွေကတော့ သူတို့လက်အောက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို လက်ရှိကုန်စျေးနှုန်းကြီးမြင့်နေတာတွေကြောင့်

ကိုယ့်ဘာသာစိုက်ပျိုးပြီး စားသုံးဖို့ညွှန်ကြားတယ်လို့ ပုသိမ်မြို့အခြေစိုက်တပ်ရင်းတွေရဲ့တပ်တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူတို့မိသားစုဝင်တွေရဲ့ လစာနဲ့ကုန်စျေးနှုန်းကြီးမြင့်မှု မညီမျှလို့ စားဝတ်နေရေးတွေကြပ်တည်းလာတာကြောင့် အောက်ဆိုက်ရှာတဲ့အနေနဲ့

စစ်ဆေးရေးဂိတ်တွေမှာငွေတောင်းရမ်းတာတွေ ပိုမိုလုပ်ဆောင်လာပြီး အဆင်ပြေတဲ့သူနဲ့ မပြေတဲ့သူ ၂ ဖွဲ့ကွဲနေတာလို့ CDM တပ်မတော်သားအသိုင်းအဝိုင်းကပြောပါတယ်။

” အခုမြို့တိုင်းကပြည်သူတွေကြုံတွေ့နေရတာဘဲ။ ဟိုစစ်ဆေးရေးဂိတ်ကငွေတောင်း၊ ဒီစစ်ဆေးရေးဂိတ်ကငွေညှစ် ဟုတ်ဟုတ်မဟုတ်ဟုတ်ဖမ်း ပိုက်ဆံရှိတဲ့သူဆိုရသလောက်တောင်း၊

ရွာတွေစစ်ကြောင်းထိုးဝင်ရင် အိမ်တွေပေါ်တက်တန်ဖိုးရှိတာတွေရွေးယူ၊ ဒါမျိုးတွေလုပ်တာပေါ့။ အောက်ခြေကစစ်ကောင်စီတပ်သားတွေက ငတ်လာပြီလေ။ အဲ့တော့

ပြည်သူကိုညှဥ်းပန်းပြီး အောက်ဆိုက််ရှာတယ် ။ အဲ့ဒီမှာမှ မြို့ပေါ်တွေမှာ တောင်းလို့ရမ်းလို့ရတဲ့ကောင်တွေကအဆင်ပြေနေတယ်။

ရွာတွေကိုစစ်ကြောင်းဝင်ထိုးတဲ့ကောင်တွေလည်းအဆင်ပြေတယ်။ အဆင်မပြေတာက လုံခြုံရေးဂိတ်မကျတဲ့နောက်ချန်တွေနဲ့ EAO နယ်မြေထဲက

ရှေ့တန်းစစ်စခန်းတွေမှာရောက်နေတဲ့သူတွေပေါ့” လို့ အမြှောက်တပ် CDM တပ်မတော်သား ကိုအောင်မင်းထက် ပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီအောက်ခြေတပ်သားတွေဟာ မြန်မာနိုင်ငံအနှံ့ ပြည်ထောင်စုလမ်းမကြီးများအပါအဝင် အဝေးပြေးခရီးသွားလမ်းမကြီးတိုင်းမှာ

စစ်ဆေးရေးဂိတ်အများအပြားချထားပြီး အဲ့ဒီစစ်ဆေးရေးဂိတ်တိုင်းကို ဖြတ်သန်းသွားလာတဲ့ယာဥ်များအားလုံး ဂိတ်ကြေးပေးဆောင်နေရတယ်လို့

အဝေးပြေးယာဥ်မောင်းနှင်သူတွေကလည်းပြောဆိုထားပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တိုင်းရဲ့ စစ်ဆေးရေးစစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းမှာသွားလာနေတဲ့ ပြည်သူတွေကို

အကြောင်းအမျိုးမျိုးနဲ့ငွေညှစ်တောင်းခံတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ -ပုံဟောင်း။

#AyeyarwaddyTimes