ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဧည့်စာရင်းအကြောင်းပြကာ လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားပြီး ငွေညှစ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ရဲမှူးနှင့်အဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက်အတွင်း ပြီးခဲ့သည့်ရက်ပိုင်း ဇန်နဝါရီ ၂၄ ရက်နေ့က ည ၇ နာရီ ခန့်က မြို့နယ်ရဲမှူးနှင့်အဖွဲ့ ဧည့်စာရင်းလိုက်လံစစ်ဆေးရာ ကျောက်မြစ်ကျေးရွာတွင် နေထိုင်သူ မောင်ကျော်မင်းခန့် အသက် ၂၄ နှစ်သည် ဧည့်စာရင်းတိုင်ကြားခြင်းမရှိဘဲ နေထိုင်ခြင်းကြောင့် ပြည်သူ့ စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

“တိုင်းပြည်ရဲ့နေရာအနှံ့၊ မြို့အနှံ့မှာ ဖြစ်နေတဲ့ ဒီကိစ္စကို အခုမှဒီတစ်ခုကို ထဖမ်းပြတာ နာမည်ကောင်းယူချင်တာလား၊ ဒါမှမဟုတ် ပိုက်ဆံမလိုဘူး လူအဓိကဖမ်း ဆွဲပြီး စစ်မှုထမ်းခိုင်း ချင်တာလား တစ်ခုခုပဲ။ ငွေညှစ်တာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို စီးပွား ဖြစ်လုပ်နေ ကြတာ”ဟု ရန်ကုန်တိုင်းနေ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော် ဦးဆောင်သည့် ဧည့်စာရင်း စစ်ဆေးရေးအဖွဲ့မှ မောင်ကျော်မင်းခန့်ကို ဖမ်းဆီးသွားပြီး ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေးသူရိန်ညွန့် က ငွေကျပ်သိန်း ၁၃၀ ပေးဆောင်ပါက လူစားလဲ၍ စစ်မှုထမ်း စာရင်း မှပယ်ဖျက်နိုင်မည်ဟု ဆက်သွယ်ပြောဆိုလာသဖြင့် မောင်ကျော်မင်းခန့်၏ ဖခင်က ငွေသွားရောက် ပေးဆောင်ခဲ့ကြောင်း သိရသည်။

မောင်ကျော်မင်းခန့်ဖခင် ပေးဆောင်ခဲ့သည့် ငွေကျပ် သိန်း ၁၃၀ ကို ရဲမှူးသန်းဇော်မှ ၂၅ သိန်း၊ မြို့နယ်ထွေ အုပ်ရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ အငယ်တန်းစာရေး သူရိန်ညွန့်က သိန်း ၃၀၊ လူစားလဲလှယ်ပြီး စစ်မှုထမ်းမည့် အမှတ် (၃) ရပ်ကွက်မှ သန်းစိုးထိုက်က သိန်း ၅၀ စသည်ဖြင့် ခွဲဝေယူခဲ့ကြောင်း သိရသည်။

ထိုသို့ ငွေညှစ်၍ ငွေကြေးခွဲဝေယူခဲ့ကြသော ရဲမှူးသန်း ဇော်နှင့်အဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင် သွားပြီး ငွေကျပ် သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့် မိဘများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်မှုထမ်းဥပဒေ ချမှတ်ပြီးနောက်ပိုင်း စစ်ကောင်စီ နယ်မြေစိုးမိုးမှုရယူထားသည့် နေရာများနှင့် စစ်ကြောင်းထိုးနေသည့် နယ်မြေတို့တွင် စစ်မှုထမ်း ဥပဒေအကြောင်းပြ၍ လူငယ်၊ လူရွယ်များကို ဖမ်းဆီးခေါ်ဆောင်ကာ ငွေညှစ်မှုများရှိသလို ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် လူငယ်တချို့ကို စစ်သင်တန်းပို့ ဆောင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်များသို့ပါ စေလွှတ်မှုများရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံတပ်ဖွဲ့များသည် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီး ခေါ်ဆောင်ရာတွင် ငွေကြေးပေးဆောင်၍ ပြန်လည်ထုတ်ယူသွားသည့် လူအစား ရပ်ကွက်အတွင်းမှ ပေါ်တာဆွဲဖမ်းဆီး လာသည့် လူငယ်၊ လူရွယ်များနှင့် အစားထိုးလဲလှယ်ခြင်းကို စီးပွားဖြစ် လုပ်ကိုင်နေသည့် အဆင့်အထိပင် ရောက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီက ယခုလပိုင်းအတွင်း ရန်ကုန်တိုင်း သန်လျင်၊ တာမွေ၊ ရန်ကင်း၊ သာကေတ၊ ‌ဒဂုံတောင်ပိုင်းမြို့နယ်တို့၌ နေ့ခင်းအချိန်များတွင်ပါ အမျိုးသား လူငယ်၊ လူရွယ်များကို ဖမ်းဆီးပြီး ငွေညှစ်လျက်ရှိကြောင်း မြို့နေပြည်သူများထံက သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်မှုထမ်းဥပဒေ #အကြောင်းပြငွေညှစ် #ရဲမှူး #စစ်ကောင်စီ #ဖမ်းဆီးပြ #Ayeyarwaddy_Times