ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

ချင်းညီနောင် ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ မတူပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား လူနေအိမ်၊ ဆေးဆိုင် နှင့် စျေးဆိုင်များ ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

မတူပီမြို့ကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့၊ မနက် ၁ နာရီအချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ခိုဘွေရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဗုံးသီးက သုံးလုံးလောက် ကျပေါက်ကွဲတယ်။ အရပ်သားတွေ ထိခိုက်မှုတော့ မရှိဘူး။ တခြားအဖွဲ့အစည်းထဲက လူတွေ ထိခိုက်မှုရှိ၊ မရှိ မသိသေးဘူး။ ဆေးဆိုင် နဲ့ စျေးဆိုင်တွေက ပျက်စီးသွားတယ်။ ပြီးတော့ နေအိမ်တွေ အမိုးလန်ကုန်တယ်” ဟု မတူပီမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ယမန့်နေ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု မပြုလုပ်မီ မတူပီမြို့နှင့် အနီးအနား ကျေးရွာများတွင် ကင်းထောက်လေယာဥ် တစ်စီးဖြင့် လေကြောင်း စောင့်ကြည့်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် မတူပီမြို့ကို စစ်ကောင်စီတပ်က ယခုလ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ထိ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မတူပီမှာ ဒီလတစ်လထဲ ဗုံးကြဲတာ လေးကြိမ်လောက်ရှိပြီ။ တစ်ခါဗုံးကြဲပြီးဆိုရင် ဗုံးသီး သုံးလုံး၊ လေးလုံးလောက်ရှိတယ်။ မြို့အပြင်နဲ့ မြို့ထဲကြဲတာပါ။ လူထိခိုက်မှုမရှိပေမဲ့ နေအိမ်ပျက်စီးတာတွေက ရှိတယ်” ဟု မတူပီမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့ကို ချင်းညီနောင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် သိမ်းပိုက်ရရှိပြီး ယခုအခါ စစ်ဘေးရှောင်အချို့လည်း မြို့သို့ပြန်လာနေကြပြီဖြစ်ကြောင်း သိရှိရသည်။

#မတူပီမြို့ #စစ်ကောင်စီ စ်ကောင်စီ #လေကြောင်းတိုက်ခိုက် #လူနေအိမ် #စျေးဆိုင်များပျက်စီး #AyeyarwaddyTimes