
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် စစ်ကောင်စီက အာဏာသိမ်းထားသည့် လေး နှစ် ဝန်းကျင်ကာလအတွင်း စစ်ကောင်စီ၏ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည့် အမျိုးသမီး သတင်းမီဒီယာသမား ခြောက် ဦး ရှိ နေကြောင်း လွတ်လပ်သော သတင်းမီဒီယာကောင်စီ(IPCM) ထံက သိရသည်။
စစ်ကောင်စီသည် အမျိုးသမီး သတင်းမီဒီယာသမားများကို အဓိကအားဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ထောင်ဒဏ် ၁၅ နှစ်ကျနေသူ တစ်ဦး၊ ထောင်ဒဏ် ၁၀ နှစ်ကျနေသူ နှစ် ဦး၊ထောင်ဒဏ် ၁၃ နှစ် ကျနေသူ တစ်ဦး၊ ထောင်ဒဏ် ခြောက်နှစ်ကျသူ တစ် ဦးနှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသူ တစ် ဦးတို့ဖြစ်ကြောင်းလည်း သိရသည်။
“သတင်းထာက်က သတင်းအလုပ်လုပ်တာ၊ ဘာရာဇဝတ်မှုမှ ကျူးလွန်တာမဟုတ်ဘူးလေ။ ဒါပေမဲ့ သတင်းအလုပ်လုပ်တဲ့ ပုံစံမျိုးစုံမှာ တချို့ဆို ကားနဲ့တိုက်ပြီး အဖမ်းခံရတဲ့သတင်းထောက် တောင်ရှိသေးတာပဲ” ဟု IPCM မှ အတွင်းရေးမှူး ဦးတိုး ဇော်လတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းတို့အနက် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦး ဖြစ် သူ ရှင်ဒေဝီမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ထားရပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်သည့်(၇၇) နှစ်မြောက် ရက်က လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် အနေဖြင့် ထောင်ဒဏ် ၁၅ နှစ် အဖြစ် လျော့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တကယ်တော့ သတင်းသမားကို သတင်းမီဒီယာဥပ ဒေနဲ့ဆို အဲ့လောက်ကြီး ထောင်ချခွင့်မရှိပါဘူး။ မဆိုင်တဲ့အခြား ရာဇဝတ်ပြစ်မှု တွေနဲ့ လိုက်စွဲပြီး ထည့်ထားတာပါ” ဟု ဦးတိုးဇော်လတ်က ဆက်လက် ပြောဆိုခဲ့သည်။
အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် အမျိုးသမီး သတင်းမီဒီယာသမားများ အနေဖြင့် သီးခြားခွဲခြားခြင်း မခံရသော်လည်း ဥပဒေပုဒ်မ ၅၀၅(က) ဖြင့်ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေး အကျဉ်းသူများဖြစ်သည့်အတွက် ဖိနှိပ်ခြင်းများ ရှိကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသူများမှ ထောင်တွင်း ဆေးဝါးလုံလောက်စွာ မရရှိခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရခြင်း၊ အစားအစာ၊ နေရာထိုင်ခင်း အဆင်မပြေမှုများအတွက် တောင်းဆိုမှုများ ပြုလုပ်ရာတွင် အကျဉ်းဦးစီးဘက်မှ ထောင် ပြောင်းရွှေ့ခြင်း၊ တိုက်ပိတ်ခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်ကာ ဖိနှိပ်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အမျိုးသမီးသတင်းထောက်တွေနဲ့ပတ်သတ်ပြီး အကျဉ်းကျတယ်ဆိုရင် ထောင်ထဲ ရောက်သွားရင် ထောင်ဝန်ထမ်းတွေက ဆိုးဆိုးဝါးဝါးဆက်ဆံတာမရှိဘူး။ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားဆက်ဆံမှု မျိုးရှိတယ်။ ခွဲခြားဆက်ဆံတာမျိုး တော့မဟုတ်ဘူး။ နိုင်ကျဉ်းတွေဆိုရင် ပုံစံပေးချင်တယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေက လက်မခံ တော့ သိပ်မလုပ်ကြဘူး” ဟု စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အလွတ်တန်း သတင်းထောက် အလှလေးသူဇာ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမျိုးသမီး များအပါဝင် ဖမ်းဆီးခံ သတင်းမီဒီယာသမားများ လွတ်မြောက်ရေး၊ စစ်ကောင်စီအပေါ် အရေးယူနိုင်ရေးနှင့် ပတ်သတ်ပြီး IPCM အနေဖြင့်လည်း ICRC ကဲ့သို့ အဖွဲ့အစည်းများ အပြင် သက်ဆိုင်ရာအဖွဲ့အစည်းများကိုလည်း အမြဲတမ်း အနေဖြင့် ပြောဆိုမှုများ ရှိနေပြီး သတင်းမီဒီယာ အထိမ်းအမှတ် နေ့များတွင်လည်း ထုတ်ဖော် ပြောဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။
“အတတ်နိုင်ဆုံးတာ့ ကျွန်တော်တို့က ဘယ်နေရာမှာဖမ်းထားတယ်။ သူတို့အမှုတွေကဘာ ကြောင့်ဖမ်းခံရလဲ ဆိုတာ နိုင်ငံတကာကိုလည်းပြောတယ်။ သက်ဆိုင်ရာကိုလည်း အထူးသဖြင့် ဒီလူတွေဟာ မတရားဖမ်းဆီးခံရတာ အဲ့အတွက် တာဝန်ရှိတဲ့သူ တွေကို တချိန်ကျရင် အရေးယူပေးပါ။ နစ်နာသွားတဲသူ တွေကိုဘယ်လိုပြန်လုပ်ပေးမလဲ အဲ့တာတွေကို မျက်ခြေမပြတ် မှတ်တမ်းတင်တာ မျိုးတွေလုပ်ပါတယ်” ဟု ဦးတိုးဇော်လတ်က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး လေး နှစ်တာ ကာလအတွင်း သတင်းမီဒီယာသမား ဦးရေ ၂၀၀ ကျော်ဖမ်းဆီးခြင်း ခံခဲ့ရပြီး လက်ရှိတွင် ၄၃ ဦးမှာ မတရား ဥပဒေပုဒ်မများဖြင့် အကျဉ်းကျခံနေရကာ သတင်းသမား ခုနစ် ဦးမှာ သတင်းအလုပ်လုပ်ကိုင်နေစဉ်တွင်ပင် စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ် ခြင်းကို ခံခဲ့ရကြောင်း IPCM ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
#သတင်းမီဒီယာသမား #အမျိုးသမီး #သတင်းထောက် #ဖမ်းဆီးခံရ #စစ်ကောင်စီ #အကျဉ်းကျ #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times #IPCM
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)