ဧရာဝတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီ ၂၈ ရက်

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်ပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)နှင့် မဟာမိတ်တပ်ပေါင်းစုများက ပြည်ထောင်စုလမ်းမများကို ပြန်ပိတ်လိုက်ကြောင်းဒေသခံများထံမှ သိရသည်။

မတူပီမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့၊ သန်ခေါင်ယံအချိန်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရိပ်သာအဆောက်အဦးအပါအဝင် လူနေအိမ်အဆောက်အအုံအများအပြားပျက်စီးသွားကြောင်းသိရသည်။

” ပြည်ထောင်စုလမ်းမတွေဇန်နဝါရီ လဆန်းပိုင်းမှာ အကုန်ဖွင့်ပြီးတော့ ပြည်သူတွေက လွတ်လွတ်လပ်လပ်သွားလို့ ရပေမယ့် မြို့ပေါ်ကို ဗုံးကြဲတဲ့နောက် လမ်းတွေ အကုန်ပြန်ပိတ်တယ်။ နယ်ကနေ မြို့ပေါ်ကို သွားကြတဲ့ ပြည်သူအချို့လည်း မြို့ပေါ်မှာ ပိတ်မိနေတယ်ပေါ့နော်။ ရိပ်သာ အဆောက်အဦး မှာ AA စစ်ရေးရုံးအဖြစ်ထားသည့်နေရာ၊ AAအကြီးပိုင်းနေတဲ့ နေရာကို ဗုံကြဲလို့ ကြားတယ်။ ဒါကြောင့် လုံခြံရေးအခြေအနေအရ ပိတ်လိုက်တာ ထင်တယ်” ဟု မတူပီမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မတူပီမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့​ပြီး မြို့သိမ်းတိုက်ပွဲကာလတွင် ချင်းလဲန်အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲနှင့် ချင်းညီနောင်အကြား နိုင်ငံရေး၊ စစ်ရေးအမြင်မတူညီမှုများကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ လုံခြုံရေးအခြအနေကြောင့် လမ်းများပိတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် ဒေသခံအချို့သည် နေရပ်သို့ ပြန်နေပြီဖြစ်ပြီး ပြည်တွင်း၊ ပြည်ပသို့ စစ်ရှောင်နေကြသော ဒေသခံအချို့နေရပ်ပြန်ရန် ပြင်ဆင်နေကြပြီဟု သိရသည်။

Photo-မတူပီမြို့ပေါ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများ။
#မတူပီ #စစ်ကောင်စီ #လေကြောင်း #ဗုံကြဲ #လမ်းများပြန်ပိတ် #AyeyarwaddyTimes