ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းသို့ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူများတွင် PDFများနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့၀င်များ ပါ၀င်သည်ဟုဆိုကာ တပ်ထောက်ခံသူအချို့က တင်းကျပ်စွာစစ်ဆေးရန် လှုံ့ဆော်နေကြောင်း သိရှိရသည်။

ပုသိမ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များ၊ ရဲနှင့် ရပ်ကွက်နှင့်အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ရှောင်များကို စစ်ဆေးရန် တပ်ထောက်ခံသူများက လှုံ့ဆောင်နေကြခြင်း ဖြစ်သည်။

“တပ်မတော်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားဆိုသူတွေလို့ပြောတယ်။ နေ့တိုင်း ဖုန်းဆက်နေတာ ဘယ်ရပ်ကွက်က ဘယ်အိမ်ကိုစစ်ပေးပါဦး၊ ဘယ်ဘုန်းကြီးကျောင်းမှာ လူငယ် ဘယ်နှစ်ယောက်ကို စစ်ပေးပါ။ သူတို့က မြို့ကို စစ်တပ်နဲ့ပေါင်းပြီးစောင့်ရှောက်နေတာ လို့ပြောတယ်။ ဆက်တဲ့လူကိုမေးပြန်တော့လည်း ခင်ဗျားကစစ်ရမယ့်တာ၀န်ပဲရှိတယ်၊ အမည်ကိုပြောလို့ ခင်ဗျားတို့ကိုလည်းယုံရတာမဟုတ်ဘူးလို့ပြောတ။ စစ်တပ်ကလည်းသူတို့ပြောတာယုံတဲ့ပုံပါပဲ”ဟု ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ ထောက်ခံသူအများစုမှာ ဧရာ၀တီနှင့် ရခိုင်အစပ်တွင်သာ တိုက်ပွဲ အနည်းငယ်ဖြစ်ပွါးခြင်းဖြစ်ပြီး မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်သူများ ဝင်ရောက်လာခြင်းမှာ မသင်္ကာစရာ​ကောင်းပြီး စစ်တပ်နှင့်ရဲများမှ သေခြာစွာနေ့စဥ်စစ်ဆေးပေးရန်လိုနေကြောင်း တိုင်ကြားမှုများကြောင့် ယခုနောက်ပိုင်း စစ်ဘေးရှောင်သူများကို လက်မခံသည့်နေရာများလာကြောင်း သိရှိရသည်။

“ဘုန်းကြီးကျောင်းအများစုဆို လက်မခံကြတော့ဘူး။ နောက်ပြီးရပ်ကွက်တွေမှာနေမယ်ဆိုရင်လည်း အမျိုးရှိရင်ရှိ မရှိရင် အာမခံတဲ့သူရှိမှ လက်ခံဖို့အုပ်ချုပ်ရေးမှူးက မှာထားတဲ့အခြေအနေတွေဖြစ်လာပြီ”ဟု ပုသိမ်မြို့သို့ စစ်ဘေးရှောင်လာသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့နယ်သို့ ယခင်က လာရှိုး၊ မိုးကုတ်နှင့်ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်သူများသာရှိသော်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှ စတင်ပြီး ချောင်းသာနှင့်ရွှေသောင်ယံမြို့များမှ ကျေးရွာများရှိ ဒေသခံအချို့ စစ်ဘေးရှောင်ရန်ရောက်ရှိလာပြီး မြို့ပေါ်ရပ်ကွက်များတွင် အိမ်ဌားခြင်း၊ ကျေးရွာရှိဆွေမျိုးများ၍နေအိမ်များတွင်နေထိုင်ခြင်းနှင့် ရင်းနှီးသောဘုန်းကြီးကျောင်းများတွင် ယာယီတည်းခိုခြင်းများပြုလုပ်နေကြောင်း သိရှိရသည်။

#ပုသိမ်မြို့နယ် #စစ်ဘေးရှောင် #တင်းကြပ်စွာစစ်ဆေး #တပ်ထောက်ခံသူများလှုံ့ဆော် #Ayeyarwaddy_Times