ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

ရခိုင်ရိုးမနှင့် ပဲခူးတိုင်းအစပ်တွင်ရှိသော စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီသည် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်လေကြောင်းမှနေ၍ ဂျက်ဖိုက်တာဖြင့် ရခိုင်နှင့်ပဲခူးတိုင်းအစပ်ကို ဗုံးကြဲ ချတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“လေကြောင်းကနေ ဗုံးတွေကြဲနေတာ။ ဥသျှစ်ပင်ကနေ နေရာရွှေ့ဖို့ စခန်းကပြန်လာမယ့် အရာရှိတွေကို စောင့်နေကြတာ။ ခုက ပြန်မရောက်လာကြဘူး။ ညောင်ကျိုးမှာ သွားပြီးစုဖွဲ့နေပုံရတယ်။ တပ်ရင်းပြန် ဝင်လာရင်လည်း အဖမ်းခံရမှာ”ဟု တပ်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့က မိုးထိ တောင်စခန်းကို သိမ်းယူခဲ့ရာ လက်နက် ခဲယမ်းများနှင့် စစ်အသုံး အ ဆောင် ပစ္စည်းများကိုပါ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ နှင့်တပ်သားများသည် ဥသျှစ်ပင်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ညောင်ကျိုးတွင် ပူးပေါင်း၍ခံစစ်ပြင်ဆင်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ခံစစ်ပြင်ထားသည့် ညောင်ကျိုးမှနေ၍ ပုဂံကွဲကျေးရွာသို့ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပုဂံကွဲရှိ နှစ်ထပ်စာသင်ဆောင် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိုးထိတောင်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ပုဂံကွဲ၊ ညောင်ကျိုးစသည့်ကျေးရွာများမှ ဒေသခံအများစု စစ်ရှောင်နေကြပြီး စာသင်ကျောင်းများပါ ပိတ်ထား ကြောင်း ဒေသခံများထံမှ သိရသည်။

AA က ပဲခူးတိုင်းအစပ်ထိ တိုက်ပွဲဖော်ဆောင်လာသည့်အတွက် ဥသျှစ်ပင်မှ အရာရှိများနှင့် အုပ်ချုပ် ရေးအဖွဲ့ဝင်များ စစ်ရှောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ မိုးထိတောင်စခန်းကျသွားသည့်အတွက် ဥသျှစ်ပင်နှင့် ပြည်ရှိတပ်ရင်းများမှ စစ်ကောင်စီအရာရှိများ ပြန်လည်ရောက်ရှိလာမည်ကို စောင့်ကြိုပြီး ပဲခူးတိုင်းအတွင်း စစ်ရေး အခြေအနေစုဖွဲ့မှုများပြုလုပ်ရန် အတွက် ပြင်ဆင်နေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက မိုးထိတောင်စခန်းကျသွားသော်လည်း လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ခဲယမ်းနှင့် စစ်ကူများကို တိုက်ပွဲဖြစ်ပွားရာ နေရာသို့ အင်အားဖြည့်ပို့ဆောင်နေပြီး ဒဏ်ရာရစစ် ကောင်စီတပ်ဖွဲ့ဝင်များကို ပဲခူးတိုင်းအတွင်း ပြန်လည် သယ်ယူနေကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk
#ရခိုင် #ပဲခူး #စစ်ကောင်စီစခန်း #သိမ်းပိုက်ခံရ #လေကြောင်း #ဗုံးကြဲ #အရာရှိများ #တပ်ရင်း #ပြန်မလာနိုင် #Ayeyarwaddy_Times