
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
ဧရာဝတီ နှင့် မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအပြင် ရခိုင်ရိုးမနှင့်ဆက်စပ်နေသည့် တောင်ကုတ်-ပြည်ပန်းတောင်းနယ်စပ်ရှိ စစ်ကောင်စီ၏ မိုးထိတောင် ဗျူဟာစခန်းကိုပါ အာရက္ခတပ်တော် (AA) က ရက်ပိုင်း အတွင်း သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။
AA သည် ရခိုင်နှင့် ပဲခူးတိုင်းဆုံရာ မိုးထိတောင်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီ ၃၀ တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၅ ရက်ခန့် အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အဆိုပါစခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းနှင့် အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် AA နှင့်ပူးပေါင်းတပ်များသည် ဧရာဝတီအစပ်ရှိ စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်ပြီးနောက် တင့်ကားဖြင့် အလံများလွှင့်ထူကာ လမ်းမပေါ်တွင် စစ်ချီတက်နေသည့်ပုံများကိုပါ ထုတ်ပြန်လာ သည်ကို တွေ့ရသည်။
AAသည် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ပွိုင့် ၂၆၃ စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီ ၂၈ မိနစ်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ပွိုင့် ၃၆၉ စခန်းကိုမူ ဇန်နဝါရီလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ မိနစ်တွင် သိမ်းပိုက်ရရှိခဲ့သည်။
စစ်ကောင်စီသည် AA သိမ်းပိုက်ထားသော ဧရာဝတီ-ရခိုင်အစပ် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းကို ယမန်နေ့ဇန်နဝါ ရီလ ၂၇ ရက်၊ နေ့လယ် ၁ နာရီ ၃၈ မိနစ်တွင် လေကြောင်း၊ လက်နက်ကြီး ပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်)တွင် ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ တမခ ၉၉ လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ် ရင်း ပူးပေါင်းစစ်ကြောင်းနှင့် AA တို့ ိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် AA ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သောကြောင့် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ အလောင်းနှင့်လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)သည် ရခိုင်ရိုးမတောင်တန်း တစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူး-ရခိုင် အစပ်နေရာများနှင့် ရခိုင်ရိုးမ တောင်တန်း ထက်တွင် တိုက်ပွဲများမှာ နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း AA က ဆိုထားသည်။
အလားတူ စစ်တွေမြို့အနီးပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်း တို့ဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေကြောင်း သိရ သည်။
ဓာတ်ပုံ-AA Info Desk
#AA #ဧရာဝတီ #ပဲခူး #မကွေး #စစ်ကောင်စီစခန်း #ရက်ပိုင်းအတွင်း #သိမ်းပိုက် #Ayeyarwaddy_Times