
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
စစ်ကောင်စီက အတည်ပြဋ္ဌာန်းထားသည့် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးစစ်မှုထမ်း အမှတ်စဉ် (၁) အတွက် စာရင်းများစတင်ကောက်ယူနေပြီး စစ်သင်တန်း ပေးရန်အတွက် အဆောက် အအုံသစ်များပါ ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယခု ဇန်နဝါရီ ၁ ရက်နေ့မှစ၍ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ အမှတ်စဉ် (၁) အတွက် အမျိုးသမီး သင်တန်းသားသစ်များကို အပြီးခေါ်ယူသွားမည်ဖြစ်ပြီး သင်တန်းပေးရန်အတွက် တိုက်ကြီးဘက်တွင် အမျိုးသမီးအဆောင်များ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးစစ်မှုထမ်းအတွက် လက်တွေ့အကောင် အထည်ဖော်နေပြီ။ တိုက်ကြီးဘက်မှာ အဆောင် အသစ်တွေ ထပ်ဆောက်နေတာ လက်စသတ်နေပြီ။ စစ်သင်တန်းကို ဖေဖော်ဝါရီလထဲမှာ ပေးသွား မယ်လို့ သိရတယ်”ဟု ဆောက်လုပ်ရေးပိုင်းတွင် ပါဝင်ခဲ့သည့်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) အတွက် အမျိုးသမီးသင်တန်းသားသစ်များ ခေါ်ယူရာတွင် ရန်ကုန်တိုင်း အတွင်းရှိ သာကေတမြို့နယ်၊ သန်လျင်မြို့နယ်တို့ တွင် စာရင်းများစတင်ကောက်ယူခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းအတွင်း၌ပါ စာရင်းများကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက်အပိုင်း အခြားရှိသည့် အမျိုး သမီးများစာရင်းကို စစ်ကောင်စီလက်အောက်ခံအုပ် ချုပ်ရေးအဖွဲ့များက ရပ်ကွက်အတွင်းဆင်း၍ ကောက်ယူမှုများရှိသလို မဲစာရင်းနှင့် ဆီစာအုပ်ထုတ်ယူစဉ်က ကောက်ယူ ထားသည့် သန်းခေါင်စာရင်းများအရ ရပ်ကွက်ရုံးများတွင် စာရင်းကပ်၍ကြေညာ ထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ထပ်မံထုတ်ပြန် လိုက်သည့် စစ်မှုထမ်းဥပဒေအရ အသက် ၁၈ မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများအနက် အိမ်ထောင်ရှိသူနှင့် အိမ်ထောင်ကွဲသော်လည်း ကလေးရှိသည့် အမျိုး သမီးများကို ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။
သို့သော်လည်း စစ်ကောင်စီစာရင်းထုတ်ပြန်ထားသည့် အမျိုးသမီးစစ်မှုထမ်းစာရင်းတွင် ကိုယ်ဝန် သည်အချို့နှင့် အိမ်ထောင်သည်အချို့ပါ ပါဝင်နေ ကြောင်း ဒေါပုံရပ်ကွက်ရှိ ဒေသခံအမျိုးသမီးတစ်ဦး က အတည်ပြုပြောသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင်လည်း အမျိုးသမီးစစ်မှုထမ်းစာရင်းအတွက် တောင်ကြီးမြို့ရပ်ကွက်အချို့၌ စာရင်းစတင်ကောက် ယူနေမှုများရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီက စစ်ရေးပြင်းထန်နေသည့် နယ်မြေများတွင် တပ်ဖွဲ့ဝင်များ၏ ဇနီးမယားများကို လက်နက်တပ်ဆင်ပေးကာ လုံခြုံရေးများယူခိုင်းထားပြီး တိုက်ပွဲဖြစ်လာသည့် အချိန်တွင်လည်း အဆိုပါမိသားစုဝင်များမှာ စစ်ကောင်စီအတွက် စစ်တိုက်ပေးရကြောင်း သိရသည်။
ထို့အတွက် ယခုစစ်မှုထမ်းဥပဒေ အမှတ်စဉ် (၁) အတွက် ခေါ်ယူခြင်းခံရသည့် အမျိုးသမီးများမှာ သတ်မှတ်ထားသည့် စစ် သင်တန်းပြီးဆုံးပါက ရှေ့တန်းစစ်မျက်နှာပြင်များသို့ အပို့ခံရနိုင်ကြောင်းကို တပ်မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုံစာ-ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီး ခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများကို စစ်ခေါင်းဆောင်တွေ့ဆုံစဉ် (ပုံဟောင်း-၂၀၂၃)
#အမျိုးသမီး #စစ်မှုထမ်း #အမှတ်စဉ်၁ #အဆောင်ဆောက်လုပ် #ပြီးစီး #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)