ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇန်နဝါရီ ၂၇ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီက ပျူစောထီးများကို ဝတ်စုံနှင့် ငွေကြေးများ ပေးအပ်ကာ မြို့ လုံခြုံရေးယူပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား မလုံလောက်၍ မင်းလှမြို့နယ်အတွင်း ဖွဲ့စည်း ထားသည့် ပျူစောထီး အယောက် ၁၀၀ ဝန်းကျင်ကို ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်က မြို့နယ် အထွေထွေ အုပ်ချုပ်‌ရေးမှူးရုံးသို့ ခေါ်ယူကာ တစ်ဦးလျှင်ငွေကျပ် နှစ်သိန်းစီနှင့် ပြည်သူ့စစ် ယူနီဖောင်း များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

“ဒီရက်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်လာမယ်ဆိုပြီး ပြန်ပြီးသတင်းတွေထွက်လာတယ်။ ဒါကြောင့် မြို့လုံခြုံရေးအတွက်ဆိုပြီး လုပ်တာထင်တယ်။ ပြီးတော့လည်း ဒီဘက်က တပ်အင်အားတွေကို စစ်ကိုင်းဘက် ပို့ထားတယ်လို့ သိရတယ်။ ဒီဘက်မှာက စစ်တပ်ဘက်က အင်အားတွေမရှိတော့ဘူး” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ပျူစောထီးအဖွဲ့ဝင်များကို ငွေကျပ်နှစ်သိန်း နှင့် ယူနီဖောင်း ထုတ်ပေးခြင်းကို မင်းလှမြို့နယ် တွင်သာမက နတ်တလင်း နှင့် အခြားသာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် ပါ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် အုတ်ဖို နှင့် မင်းလှ မြို့နယ် တစ်လျှောက်တွင် စစ်ကြောင်းထိုး လုံခြုံရေးယူလေ့ရှိသည့် စစ်ကောင်စီ၏ ခမရ-၆ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်လည်း စစ်ကိုင်းဘက်သို့ ရှေ့တန်းထွက်သွား ကြောင်းလည်း သိရသည်။

“ဒီပျူစောထီးတွေက ပြည်သူ့စစ်သင်တန်းဆင်းတွေလို့သိရတယ်။ အုပ်ချုပ်ရေးမှူးတွေပါပါတယ် ဒီအဖွဲ့မှာ။ မြို့ပေါ်မှာ ကတုတ်ကျင်းတူးတာလိုမျိုး ခံစစ်ပြင်တာမျိုးတွေလုပ်နေကြတာ” ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။

မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးရန် တက်လာသည့် စစ်ကောင်စီအဖွဲ့ကို သာယာဝတီခရိုင်တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၃ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)
#မင်းလှ #စစ်ကောင်စီ #ပြည်သူ့စစ် #ပျူစောထီး #လုံခြုံရေးယူ #Ayeyarwaddy_Times