ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ရက်

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗန်းမော်လေဆိပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူလိုက်ပြီး မြို့တွင်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

KIA တပ်ဖွဲ့များသည် ဗန်းမော်လေဆိပ်အတွင်းရှိ လေယာဉ်ပြေးလမ်းတွင် နေရာယူထားပြီး လေယာဉ်ဆီ သိုလှောင်စခန်းတစ်ခု မီးလောင်ပျက်စီးနေသည့် ရုပ်သံမှတ်တမ်း ယမန်နေ့ ဇန်နဝါရီ ၂၆ရက်နေ့က ထွက်ပေါ်လာသည့် အတွက် လေဆိပ်ကို KIA တပ်ဖွဲ့က စီးနင်းထားနိုင်ကြောင်း သိရသည်။

“လေဆိပ်ကို စီးနင်းထားနိုင်တာမှန်ပါတယ်။ ဆက်လက်ပြီး တိုက်ပွဲကတော့ပြင်းထန်နေတုန်းပါပဲ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ အမြောက်တပ် အမတ ၃၆၆ နှင့် အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ရက်နေ့တွင် KIA က သိမ်းယူထားနိုင်ပြီး သံချပ်ကာကား ခုနစ်စီးထိ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁နှင့် ခလရ ၄၇တို့ကို KIA က ဆက်လက်တိုက်ခိုက်နေပြီး စခန်းများကို ပိတ်ဆို့ထားနိုင်သည့် အနေအထားတွင်ရှိကြောင်း သိရသည်။

စကခ ၂၁၏ ကွပ်ကဲရေးမှူးမှာလည်း ဒဏ်ရာရရှိထားသောကြောင့် လေယာဉ်နှင့်ခေါ်ထုတ်သွားရပြီး စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကိုလည်း KIA က ဖြတ်တောက်ထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် လေကြောင်းဖြင့် အဓိကထား ဗုံးကြဲတိုက်ခိုက်နေပြီး စကခ ၂၁နှင့် မြို့စောင့်တပ် ခလရ ၄၇တို့ မကျအောင် အပြင်းအထန်ခုခံလျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့သည့် KIA ၏ ဗန်းမော်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေဆိပ်၊ အမြောက်တပ်နှင့် သံချပ်ကာတပ်ရင်းတို့အပြင် ဗန်းမော်မြို့တွင်းရှိအရေးပါသည့် နေရာအများစုကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ- အင်တာနက်
ပုံစာ – ဗန်းမော်လေဆိပ်လေယာဥ်ပြေးလမ်းမှ KIAတပ်ဖွဲ့ဝင်များ

#ဗန်းမော် #လေဆိပ် #အမြောက်တပ် #သံချပ်ကာတပ်ရင်း #KIA #သိမ်းပိုက် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times