ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်မျိုးစုံအသုံးပြု၍ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၂၇ရက် နံနက် ငါးနာရီခန့်ကစတင်ပြီး အင်းတော်မြို့ကို ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ပေါင်းစုက စစ်ကောင်စီတပ်ဖွဲ့များကို စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လေယာဉ်ပေါင်းစုံနဲ့ အုန်းဒိုင်းကြဲအောင်ဗုံးကြဲနေတယ်။ စစ်တပ်တပ်စွဲထားတဲ့ ဂျပန်လှိုဏ်ဂူကုန်းက အနားကပ်ဖို့မလွယ်ဘူး။ ကွင်းပြင်လိုနေရာကြီးကိုဖြတ်ပြီးမှရောက်မှာ” ဟု အင်းတော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်းတော်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲရာ ဂျပန်လှိုဏ်ဂူကုန်းနှင့် အင်းတော်မြို့မဘုန်းကြီးကျောင်းတို့ကို တပြိုင်နက် ထိုးစစ်
စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီကလည်း ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်များသုံး၍ မနက်အစောပိုင်းအချိန်အတောအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့အတွင်းတွင် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းများနှင့် SNA ရှမ်းနီတပ်များ နေရာယူတပ်စွဲထားပြီး စစ်ကောင်စီက လေကြောင်းမှချပေးသည့် ရိက္ခာ၊ လက်နက်၊ခဲယမ်းတို့ဖြင့် ခုခံနေကြကြောင်း သိရသည်။

အင်းတော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များကို ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်
တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့နှင့် ဒီဇင်ဘာ ၁၁ ရက်နေ့တို့တွင်လည်း တိုက်ပွဲဖော်ဆောင်ခဲ့သည်။

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် KIA၊ KPDF၊ ABSDF နှင့် အမှတ် ၁ စစ်ဒေသလက်အောက်ခံ PDFတပ်ရင်းများ နှင့် ပကဖများက ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

#အင်းတော် #မြို့သိမ်းတိုက်ပွဲ #ပြန်လည်စတင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times