
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
မြန်မာနိုင်ငံတွင် ယခုနှစ် ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှု လုပ်ငန်းများကို တိုးချဲ့နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မြန်မာထံက သိရသည်။
UNOCHA အနေဖြင့် အကူအညီလိုအပ်လျက်ရှိသော ပြည်သူများထံသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အဆင်ပြေချော မွေ့စွာပေးအပ်နိုင်ရေးအတွက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီး အကဲဖြစ်သူ Mr. Sajjad Mohammad Sajid နှင့် စစ်ကောင်စီရုံးပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ ပြီးခဲ့သည့် ဇန်နဝါရီတွင် ၂၂ ရက်နေ့က တွေ့ဆုံကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များသည် မကြုံဖူးသည့်အဆင့်ထိ မြင့်မားလာ နေကြောင်း UNOCHA မြန်မာက ဆိုထားသည်။
ယခု ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၁၉ ဒသမ ၉ သန်းခန့်က လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များရှိမည်ဖြစ်ပြီး ယင်းထဲမှ လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလိုအပ်မည်ဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။
ထို့ပြင်သွားလာခွင့် ကန့်သတ်မှုများ၊ ထောက်ပံ့ပို့ဆောင်မှု၊ ရန်ပုံငွေရရှိမှုနှင့် လုံခြုံရေး အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး အစုအဖွဲ့များမှ တစ်ဆင့် ထိခိုက်လွယ်သည့် လူထုထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် အခက်အခဲ အများအပြားနှင့် ဆက်လက်ကြုံတွေ့နေရကြောင်း UNOCHA မြန်မာက ယခုလအစောပိုင်းတွင် ထုတ်ပြန်ထားသည်။
ယင်းပြင်စီးပွားရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုနှင့် ယင်း၏အကျိုးဆက် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရကြောင်း UNOCHA မြန်မာ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
#UNOCHAMyanmar #လူသားချင်းစာနာမှုကူညီနိုင်ရေး #တိုးချဲ့ #စစ်ကောင်စီ #အကူညီလိုအပ်သူ #၁၉.၉သန်း #Ayeyarwaddy_Times