
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီ ၂၅ ရက်
ချင်းပြည်နယ်၊ မတူပီမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာမှုများကို ကန့်သတ်ထားသော်လည်း လက်ရှိတွင် ဒေသခံများလွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မတူပီမြို့သိမ်းတိုက်ပွဲကာလတွင် ချင်းတော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေး၊ စစ်ရေးအမြင် မတူညီမှုများကြောင့် ချင်းလဲန်အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းညီနောင်၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
ချင်းတော်လှန်ရေးအင်အားစု အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နေရပ်သို့ ပြန်လာနိုင်ခြင်းမရှိသလို လုံခြုံရေးအခြေ အနေများကြောင့် လမ်းများပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“နှစ်ဖက်စလုံးက သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ လုံခြုံရေးဂိတ်တွေကိုတော့ ထားထားတယ်။ အရင်က ပြည်ထောင်စုလမ်းမတွေကို ပိတ်ထားတော့ မြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေကို တောလမ်းကနေ ခြေကျင်နဲ့ သွားကြတာ။ ဒီဇန်နဝါရီလ လလယ်လောက်ကနေတော့ လွတ်လပ်စွာ ဖြတ်သန်းသွားလာလို့ ရပါပြီ။ ဒါပေမယ့် မြေမြှုပ်မိုင်းတွေကို နှစ်ဖက်စလုံးက ရှင်းလင်းမှုမရှိသေးတော့ တောင်ယာ၊ လယ်နဲ့ ဥယျာဥ်ခြံတွေကိုတော့ သိပ်မသွားရဲကြသေးဘူး” ဟု မတူပီမြု့နယ်၊ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်ရှိ ဒေသခံအများစုသည် မီဇိုးရမ်ပြည်နယ်နှင့် ပြည်တွင်းတွင် စစ်ရှောင်နေကြပြီး ချင်းတော်လှန်ရေးအချင်းချင်းကြားတွင် ခိုင်လုံသော နှစ်ဖက်သဘောတူညီချက်များရရှိပါက နေရပ် ပြန်ချင်နေကြပြီဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိတွင် မတူပီမြို့နယ်ရှိ ဒေသခံတချို့သည် ပြည်တွင်း၊ ပြည်ပမှ ပြန်လာ၍ ပေါ်နှင့် ကျေးရွာတချို့တွင် နေထိုင်ကြပြီဟု သိရပြီး ရေနှင့် အခြားလိုအပ်ချက်များကိုလည်း မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က စီစဥ်ဆောင်ရွက်နေကြောင်းသိရသည်။
ပုံစာ-မတူပီမြို့(ပုံဟောင်း)။
#မတူပီ #လုံခြုံရေးအခြေအနေ #လမ်းပိတ် #ဒေသခံများ #လွတ်လပ် #ဖြတ်သန်းသွားလာနိုင် #Ayeyarwaddy_Times