ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

ယနေ့ခေတ်တိုင် ထင်ရှားကျော်ကြားဆဲသီချင်းများရေးဆိုသူ နိုင်ငံကျော်အဆိုတော် တေးသံရှင် မာရဇ္ဇ အမည်ရင်း ဦးသိန်းဇော်ကို လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း အနုပညာအသိုင်းအဝန်းထံက သိရသည်။

မကွေးတိုင်း၊ အထက်မင်းလှဇာတိသား တေးသံရှင် မာရဇ္ဇ ( ခေါ်) မာကြီး (ခေါ်) အမည်ရင်း ဦးသိန်းဇော် အသက် (၅၈) နှစ် သည် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့က ဗဟိုစည်ဆေးရုံတွင် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုတော်မာရဇ္ဇသည် တေးသီချင်းများကို ကိုယ်တိုင်ရေးသားသီဆိုခဲ့သူဖြစ်ပြီး မာရဇ္ဇကွယ်လွန်မှုပေါ် ဂီတအသိုင်းအဝိုင်းမိတ်ဆွေများအပါအဝင် ပရိတ်သတ်များက ဝမ်းနည်းကြောင်း ၎င်းတို့၏လူမှုကွန်ရက် Facebook စာမျက်နှာများတွင် မျှဝေထားသည်။

“ကျွန်တော်နဲ့ သူနဲ့က မွေးနှစ် မွေးလတူပါတယ်၊ စိတ်ကောင်းနှလုံးကောင်းရှိပြီး နူးညံ့သိမ်မွေ့တဲ့သူပါ။ ပြီးတော့ သူ့ဇာတိ အထက်မင်းလှမြို့၊သူနေထိုင်ရာဝန်းကျင်က အကြောင်းအရာတွေ ဟာသမြောက်တဲ့ အဖြစ်အပျက် ဇာတ်လမ်းတွေက ကျွန်တော်တို့ ဂီတလောကမှာပြောစမှတ်ဖြစ်ခဲ့ပါတယ်” ဟု ဒီဇိုင်းမျိုးဆွေသန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝေမျှထားသည်။

ထိုပြင် အထက်မင်းလှဇာတိ၊ အမည်ရင်း-ကိုသိန်းဇော် ၊ ဂီတအမည်-မာရဇ္ဇ၊ ပထမဆုံးတေးစီးရီး -ပုံရိပ်မဲ့ ဂရပ်ဖစ်၊ မနက်ဖန် ဇန်နဝါရီ ၂၅ မွန်းလွဲ ၂ နာရီ ရေဝေးတွင် သင်္ဂြိုဟ်မည် ဟု ဒီဇိုင်းမျိုးဆွေသန်းက အသိပေးထားသည်။

“အနုပညာနဲ့ပတ်သက်ရင်အလွန် မာနကြီးသော၊ အလွန် ခေါင်းမာသော၊ အလွန် အကောင်းကြိုက်သော ငါ့အကိုရေ၊ ကောင်းရာသုဂတိ လားပါစေကွာ၊ မင်းပြောနေကျ စကားအတိုင်းပေါ့လေ ” အရာရာဟာ အချိန်အခါပါ “တမလွန်မှာ သီချင်းတွေဆက်လက်ဖန်တီးနိုင်ပါစေ ငါ့အကို” ဟု မာရဇ္ဇနှင့် ရင်းနှီးမှုရှိသူ တေးရေး မင်းယုကလည်း ၎င်း၏ Facebook စာမျက်နှာတွင် မျှဝေထားသည်။

ကွယ်လွန်သွားသူ မာရဇ္ဇ Marriza ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီက ပိုစ့်တစ်ခုသာတင်ထားကြောင်းတွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ မာရဇ္ဇ၏ မွေးနေ့တွင် မွေးနေ့အမှတ်တရ အဖြစ်ရည်ရွယ်သည့်အပြင် နှစ်ပေါင်းများစွာအားပေးလာသော ပရိတ်သတ်အတွက်တုံ့ပြန်လက်ဆောင် အဖြစ်ဟုဆိုကာ သီချင်းအသစ် “ခေတ်ပျက်ဟာသ” ကို တင်ထားသည်။

ထို့ပြင် တေးသံရှင်မာရဇ္ဇက “ အစစအရာရာခက်ခဲတဲ့ဒီကာလကြီးမှာ ကျွန်တော့်မိတ်ဆွေတွေခွန်အားဖြစ်စေဖို့ ဥဒါန်းသီချင်းတင်ထားပါတယ်” ဟု ၂၀၂၃ ခုနှစ် ဇန်နဝါရီက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။

တေးသံရှင် မာရဇ္ဇ သီဆိုခဲ့သော တေးသီချင်းအများပြားသည် နာမည်ကြီးကာ လူကြိုက်များသည့် သီချင်းများဖြစ်ပြီး ဆွဲအား၊ ဆင်မြီးကွင်းလက်စွပ်၊ ဝဋ်ကြွေး၊ ချစ်လို့၊ အလွမ်းမိတ်ဆွေ၊ ဘယ်တော့မှမဝေးဘူး၊ ကဉ္စနာ၊ မအေး ၊ ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်၊ ဟင်္သာတို့ရဲ့နန်းတော်ရှေ့ စသည့်သီချင်းများမှာ ယနေ့အချိန်ထိထင်ရှားကျော်ကြားနေဆဲဖြစ်သည်။

မာရဇ္ဇသည် သီချင်းများကို ကိုယ်တိုင်ရေးသားသီဆိုခဲ့သည့်အပြင် သမီးဖြစ်သူ လုလု ၏ “နှောင်ကြိုးနဲ့ကမ္ဘာ” တေးစီးရီးတွင်လည်း တေးသီချင်းများ ဝင်ရောက်ရေးသားပေးခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အဆိုတော်မာရဇ္ဇ #ကွယ်လွန် #ကိုယ်တိုင်ရေး #ကိုယ်တိုင်သီဆို #အနုပညာဆုံးရှုံးမှု #Ayeyarwaddy_Times