ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဂျလန်အာလောနှင့် ဘူကစ်ဘင်တန်းတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀ ဦးအပါအဝင် နိုင်ငံခြားသား ၁၇၆ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံက သိရှိရသည်။

ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံသား ၆၀ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ၁၆ ဦး၊ ပါကစ္စတန် နိုင်ငံသား သုံးဦး၊ အီဂျစ်နိုင်ငံသား တစ်ဦးနှင့် ဆူဒန်နိုင်ငံသား တစ်ဦးတို့ဖြစ်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် နိုင်ငံခြားသားများဖြင့် စည်းကားသည့်နေရာနှင့် အလုပ်လုပ်ကိုင်နေကြသည့်နေရာများတွင် မလေးရှား ရဲတပ်ဖွဲ့၊ လဝက၊ စည်ပင် နှင့် ဌာနဆိုင်ရာအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမဲ့ နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အဲ့နေရာက နိုင်ငံခြားသားတွေ အရမ်းများတယ်။စားသောက်ဆိုင်တွေဆိုလည်း နိုင်ငံခြားသားတွေများတယ်။ မြန်မာစားသောက်ဆိုင်တွေလည်းရှိတယ်။ ခရီးသွားနိုင်ငံခြားသားတွေအများစု လှည်ပတ်တဲ့နေရာပေါ့။ လူစည်ကားပြီး KL ရဲ့ အထင်ကရနေရာလည်းဖြစ်ပါတယ်။ အဲ့မှာ အာဏာပိုင်အဖွဲ့တွေက ရှောင်တခင် စစ်ဆေးပြီး အထောက်အထားမဲ့ နိုင်ငံခြားသားတွေဖမ်းဆီးခံရတာပါ” ဟု မလေးရှားရောက်မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများကို ကွာလမ်လာပူမြို့ လဝက ရုံးတွင် ထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၆(၁)(ဂ) နှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၅(၁)(ဂ) ၁၉၅၉ ၊၁၉၆၃ အပြင် လူဝင်မူကြီးကြပ်ရေးဥပဒေ ၃၉(ခ)၁၉၆၃ နှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မလေးရှား လဝက က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ဂျိုဟိုးပြည်နယ်၊ ဆလန်ဂေါနှင့် တခြားပြည်နယ်များတွင် မလေးရှားလူဝင်မှုကြီးရေးအဖွဲ့၏ ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသားများအပါအဝင်အထောက်အထားမဲ့ နိုင်ငံခြားသား အများပြား ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“ဒီနေ့လည်း မြို့အတော်တော်များများမှာ မြန်မာတွေ ဖမ်းဆီးခံရတယ်။ KL မြို့ထဲမှာလည်း လမ်းတွေပိတ်ဆို့ပြီး ဖမ်းဆီးတယ်။ အခုရက်ပိုင်းထဲ နေရာစုံမှာ ဆက်တိုက်ဖမ်းဆီးတာကြောင့် အသွားအလာ ဂရုစိုက်ဖို့လိုတယ်။ အဖမ်းခံရပြီဆို အရင်ကလို ပြန်လွတ်ဖို့မလွယ်ဘူး။ ရွေးလို့မရဘူး။ထောင်ချပြီး တန်းမြန်မာပြည်အပို့ခံရတယ်” ဟု မလေးရှားတွင် လူမှုကူညီရေးဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက် နှင့် ၁၆ ရက်နေ့ကလည်း ပါဟန်းပြည်နယ်၊ စိုက်ပျိုးရေးနယ်မြေတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၀၀ ကျော်ဖမ်းဆီးခံရသည်။

#မလေးရှား #အထောက်အထားမဲ့ #မြန်မာနိုင်ငံသား၆၀ဦး #ဖမ်းဆီးခံရ #AyeyarwaddyTimes