ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ရက်

မကွေးတိုင်း၊ ပဒါန်းလမ်းပိုင်းမှတက်လာသော စစ်ကောင်စီ၏ လက်နက်ခဲယမ်း တင်ဆောင်လာသည့် စစ်ကားလေးစီးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) မှ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမ်း- ပဒါန်းလမ်းပိုင်း မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂နာရီ ၄၆မိနစ်ခန့်က ပဒါန်း ဘက်မှတက်လာသော အင်အား ၁၀၀ ခန့် ပါဝင်သည့် စစ်ကောင်စီ၏ ခဲယမ်းတင်ကား လေးစီးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း PRA-Magwayက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီကားတစ်စီး ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၃၀ ခန့် ပါဝင်သော စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံး၍ သုံးဦးဒဏ်ရာရရှိခဲ့သည်။

ရခိုင်-မကွေးနယ်စပ်မျဉ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဇန်နဝါရီလ အတွင်း တပ်မ (၉၉) လက် အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှုများရှိခဲ့သလို စစ်ပွဲများမှထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများနှင့် ပိတ်ဆို့ဖမ်းဆီးမှုများအတွင်း ခမရ-၁၁၃ မှ ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၁၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီးနှစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး ခဲ့‌ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများမှ ၆ဝ မမ ကွန်မန်ဒိုစိန်ပြောင်း တစ် လက်၊ လက်နက်ငယ် ရှစ် လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း PRA-agwayက ထုတ်ပြန်သည်။

“မိမိတို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) သည် စစ်ရေးဆိုင်ရာ ရည်မှန်းချက် များအတိုင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသများ အထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဖြစ်သည်” ဟု PRA- Magway က ဆိုသည်။

ပုံစာ-အမ်း- ပဒါန်းလမ်းပိုင်းတိုက်ပွဲအတွင်း ရရှိခဲ့သည့် လက်နက်ခဲယမ်း အချို့

#အမ်း #ပဒါန်း #လက်နက်ခဲယမ်း #စစ်ကောင်စီ #PRA_Magway #ကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times